ကရင်ပြည်နယ် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပ

ဘားအံ မေ ၂၄

“ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်ဖြင့် ကရင်ပြည်နယ်၏ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမဆောင်၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများအား ရင်းနှီးစွာ တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာအဖွဲ့နှင့် ပန်းပွားအဖွဲ့တို့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။

ထို့နောက် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပညာသင်ကြားမှု အခွင့်အလမ်းအတွက် အခြေခံပညာကဏ္ဍတွင် အစိုးရအခြေခံပညာကျောင်းများအပြင် ဘုန်းတော်ကြီးသင်ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများကို ပညာရေးဝန်ကြီးဌာန၏ သတ်မှတ်မှုများနှင့်အညီ ဖွင့်လှစ်သင်ကြားခွင့်ပေးထားပြီး ကရင်ပြည် နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်ကောင်းမွန်စေရန် ပညာရေးဆိုင်ရာ ဝန်ထမ်းအားလုံး အတူတကွ ပူးပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းကျော်က ကျောင်းအပ်နှံရေးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကျောင်းသား၊ကျောင်းသူလေးများက ကျောင်းအပ်နှံရေး သီတင်းပတ် သီချင်းဖြင့် ကပြဖျော်ဖြေကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက နိုင်ငံတော်မှ အခမဲ့ ထောက်ပံ့သည့် မူလတန်းကျောင်းဝတ်စုံ၊ ဗလာစာအုပ်၊ ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ခဲ့တံ၊ ဘောပင်များကို ထောက်ပံ့ပေးအပ်ကြပြီး ကျောင်းသား၊ကျောင်းသူလေးများက တို့ကျောင်း၊ တို့ဝန်းကျင် သီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ပြည်နယ် အခြေခံပညာဦးစီးဌာန၏ ကျောင်းဖွင့်ရာသီအမီ ကြိုတင်ပြင်ဆင်လှုပ်ရှားမှုနှင့် ပညာရေးလှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကို လည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၏ ရွှေရတုခန်းမဆောင်နှင့်တွဲ၍ ဧည့်ခံဆောင်တိုးချဲ့တည်ဆောက်မည့် မြေနေရာနှင့် အဆိုပြုပုံစံတို့ကို ကြည့်ရှုစစ်ဆေးကာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းအပ်လက်ခံနေမှု၊ ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများမှ လာရောက်ကျောင်းအပ်နှံနေမှု အခြေအနေများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူများအား ဗလာစာအုပ်နှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)