ကသာခရိုင်၊ အင်းတော်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု(CERP) အစီအစဉ်ဖြင့် ဆောင်ရွက်ထားရှိသော မိုးစပါး ဧရာမင်း ( FS – RS ) မျိုးစေ့ထုတ်စိုက်ကွက်အား စံကွက် ရိတ်သိမ်း

အင်းတော် နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ် မြို့မနည်းပညာပေး စင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးအောင်မျိုး၏ စိုက်ခင်းအတွင်း CERP အစီအစဉ်ဖြင့်စိုက်ပျိုးထားရှိသော မိုးစပါး ဧရာမင်း (FS-RS)  မျိုးစေ့ထုတ် စိုက်ကွက်အား ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့က စံကွက်ရိတ် သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးစပါး ဧရာမင်း ( FS-RS ) မျိုးစေ့ထုတ် စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက် တစ်ဧက အထွက်နှုန်း (၉၃) တင်းခန့် ခန့်မှန်း ထွက်ရှိမှာဖြစ်ကြောင်း၊ အင်းတော်မြို့နယ်အနေဖြင့် နည်းပညာပေး စင်တာအလိုက် မိုးစပါးမျိုးစေ့ထုတ်စိုက်ကွက်များကို စိုက်ပျိုးထားရှိရာ မိုးစပါးမျိုးစေ့ အမျိုးအစားများ အနေဖြင့် ဆင်းဧကရီ-၃၊ ဧရာမင်း၊ မှော်ဘီ မျိုးစပါးများအား မြို့နယ် အတွင်းတွင် ဧက (၅၅၀) စိုက်ပျိုး ထားရှိပါကြောင်း၊ မိုးစပါး မျိုးစေ့ထုတ်စိုက်ကွက်များအတွင်း မိုးစပါး မျိုးကောင်း မျိုးသန့်များရရှိ နိုင်ရေး၊ မျိုးစေ့ထုတ်ကွက်များအတွင်း ရောဂါ၊ ပိုးမွှားများ ကျရောက်မှုမရှိစေရေး၊ ပေါင်းကင်းရှင်းရေးတို့ အတွက် ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုဝင်ဘာလ ( ၁ ) ရက်နေ့က အလယ်ဆိပ်ကျေးရွာ တောင်သူ ဦးဝင်းမောင်၏ ဆင်းဧကရီ-၃ စိုက်ကွက် အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက် တစ်ဧက ( ၁၄၀ ) တင်းခန့်၊ နိုဝင်ဘာလ ( ၆ ) ရက်နေ့က သံဘိုကျေးရွာ တောင်သူ ဦးကျောက်ဝင်း၏ မိုးစပါး  ဆင်းဧကရီ-၃ စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက် တစ်ဧက ( ၁၁၇ ) တင်းခန့်၊ နိုဝင်ဘာလ ( ၇ ) ရက်နေ့က စီးမော်ကျေးရွာ တောင်သူ ဦးဆန်းလင်းထွန်း၏ မိုးစပါး  ဆင်းဧကရီ-၃ (RS-CS) စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက် တစ်ဧက ( ၉၈ ) တင်းခန့်၊ နိုဝင်ဘာလ ( ၉ ) ရက်နေ့က မြို့မနည်းပညာပေးစင်တာနယ်မြေအတွင်းရှိ တောင်သူ ဦးရန်ကြီးအောင်၏ မိုးစပါး  ဆင်းဧကရီ-၃ (RS-CS) စိုက်ကွက်အား စံကွက်ရိတ်သိမ်းခဲ့ရာ အစိုအထွက် တစ်ဧက ( ၉၀ ) တင်းခန့် ထွက်ရှိခဲ့ကြောင်း အင်းတော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသိန်းခိုင်က ပြောပြခဲ့သည်။

ခန့်ဇော်ပိုင်