မြဝတီ မေ ၂၄
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ “ကျောင်းနေအရွယ်ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကို အဆင့်မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိရာ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် မေ ၂၃ မှ ဇွန်၂ ရက်နေ့အထိ သတ်မှတ်ထားကာ ယနေ့ နံနက် ၉ နာရီက စတင်၍ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းများ ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အခြေခံပညာကျောင်းများ၌ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခြင်းကို မြဝတီမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် ကြီးကြပ်မှုကော်မတီနာယက ဦးမြင့်ဦး (မြို့နယ်ပညာရေးမှူးငြိမ်း)တို့က အ.ထ.က(ခွဲ) မေတ္တာလင်းမြိုင်ကျောင်းတွင် ကျောင်းအပ်လက်ခံနေမှုကို ကြည့်ရှုအားပေးခဲ့သည်။
မြဝတီမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် အခြေခံပညာကျောင်း ၆၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၅ ကျောင်း၊ ကိုယ်ပိုင်ကျောင်း ၆ ကျောင်း စုစုပေါင်း ၇၉ ကျောင်းတို့၌ ဖွင့်လှစ်သင်ကြားနိုင်ရေးအတွက် ကျောင်းသား၊ ကျောင်းသူများကို မေ ၂၃ ရက်နေ့မှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး အခြေခံပညာကျောင်းများတွင် နိုင်ငံတော်မှ ကျောင်းသား၊ ကျောင်းသူများအတွက် အခမဲ့ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးခြင်းအပြင် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ကျောင်းဝတ်စုံ၊ ခဲတံနှင့် ဘောပင်တို့ကို အခမဲ့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)