ကသာ မေ ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းနေ အရွယ်ကလေးများအားလုံး ကျောင်းတက်ပညာသင်ကြားနိုင်စေရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ပညာရေးမဝေးဖို့ “ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအမြန်အပ်နှံစို့” ဟူသော မြေစိုက်ပိုစတာဆိုင်းဘုတ်ကို စိုက်ထူးခဲ့ကြသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ၂၀၂၄ ခုနှစ်၊ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့ထိသည် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် သတ်မှတ်ထားရာ ကျောင်းသားမိဘများအနေဖြင့် သတ်မှတ်ထားသော သီတင်းပတ်ရက်အတွင်း မိမိတို့၏ သား/သမီးများအား အချိန်မီကျောင်းအမြန်အပ်နှံရေး ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါ ကျောင်းအပ်နှံရေး မြေစိုက်ပိုစတာဆိုင်းဘုတ်စိုက်ထူရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီူးရဲဝင်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းနှင့် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများက တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အမှတ်(၁)အခြေခံပညာအထက်ကျောင်းတွင် ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် လိုအပ်သည်များကိုလည်း ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့က ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ပညာသင်ကြားမည့် ကျောင်းသား/ ကျောင်းသူများအား ကသာမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့ထိ ကျောင်းအပ်လက်ခံသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းထံမှ သိရသည်။
ကျော်စွာထွန်း(ကသာ)