ရှမ်းရွာသစ် မေ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၄-၂၀၂၅ပညာသင်နှစ်အတွက် အခြေခံပညာ ကျောင်းသား/သူများအား ကျောင်းအပ်နှံခြင်းလုပ်ငန်းကို ယမန်နေ့နံနက်(၉)နာရီမှစ၍ မြို့အတွင်းရှိ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကျောင်းသား/သူများအား သက်ဆိုင်ရာအတန်းများအလိုက် ဆရာ/မများက စနစ်တကျ ကျောင်းအပ်လက်ခံခြင်းကို ဆောင်ရွက်ကြကြောင်း၊ ကျောင်းရှေ့တွင် ကျောင်းသားမိဘများများ သိရှိနိုင်စေရေးအတွက် ကျောင်းအပ်နှံရေး အစီအစဉ်ဆိုင်ရာ သိရှိရန်အချက်များကိုလည်း ပြသထားကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ KG တန်းမှ Grade -5 အထိ ကျောင်းသား/သူများကို ကျောင်းဝတ်စုံ၊ ပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံများနှင့် Grade-6 မှ Grade-12 အထိ အတန်းများအတွက် လည်း ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ခဲတံများနှင့် ဘောပင်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မေလ(၂၃)ရက်နေ့မှ ဇွန်လ(၂)ရက်နေ့အထိ ကျောင်းအပ်နှံရေးရက် သတ္တပတ်အဖြစ် ကျောင်းအပ်နှံခြင်းကိုလက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ၂၀၂၄-၂၀၂၅ပညာသင်နှစ်တွင် အထက်တန်းကျောင်း(၁)ကျောင်း၊ အလယ်တန်းကျောင်းခွဲ(၁)ကျောင်း၊ မူလတန်းကျောင်း (၆) ကျောင်းနှင့် မူလတန်းကျောင်းခွဲ(၁၂)ကျောင်း စုစုပေါင်း (၂၀)ကျောင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)