သာယာဝတီ နိုဝင်ဘာ ၁၀
နိုင်ငံတကာရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် ANFREL Asian Network for Free Elections မှ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူနှစ်ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိကြောင်း ခရိုင်ရွေး ကောက်ပွဲ ကော်မရှင်ရုံးမှ သိရသည်။
အဆိုပါ လေ့လာစောင့်ကြည့်သည့် ဖိလစ်ပိုင်သူအမျိုးသမီးနှင့် စကားပြန်အမျိုးသားတို့သည် သာယာဝတီခရိုင် အတွင်းရှိ မြို့နယ်များသို့ ရွေးကောက်ပွဲစောင့်ကြည့်ရန်အတွက် နိုဝင်ဘာလ ၄ ရက်နေ့တွင် ရောက်ရှိခဲ့ပြီး လက်ပံတန်းမြို့ Royal Philhee Hotel တွင် တည်းခိုပြီး ခရိုင်အတွင်းရှိ ၈ မြို့နယ်သို့ ကားဖြင့်သွား ရောက် လေ့လာခဲ့ကြသည်။
နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် သာယာဝတီခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးသို့ ရောက်ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းသို့ ဝင်ရောက်ရန် မီးနင်းချောင်း စစ်ဆေးရေးဂိတ်တွင် လေ့လာသူနှစ်ဦး၏ ဆန္ဒအရ Rapid Diagnostic Test (RDT) ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိစစ်ဆေးရာမှ အတည်ပြုပိုးတွေ့ရှိသော်လည်း ကားမောင်းသူတွင် ပိုးမတွေ့ရှိရကြောင်း၊ အဆိုပါပိုးတွေ့ဖြစ်စဉ်အား ခရိုင်အတွင်းရှိ ကော်မရှင်ရုံးများအား အသိပေးထားကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှသိရသည်။
သန့်ဇော်(သာယာဝတီ)