ဟားခါး ဖေဖော်ဝါရီ ၂၄
မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)၏ အစီအစဉ်ဖြင့် ချင်းပြည်နယ်အတွင်း စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဟားခါးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန ( Community Centre ) ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို) ချင်းပြည်နယ်တာဝန်ခံ ဦးဘိုကြည်(ဒေါက်တာဗိုလ်သံမဏိ−တောင်တွင်းကြီး)က အဖွင့်အမှာစကား ပြောကြားပြီး ချင်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအွန်ခန့်ကပ်မှ ချင်းပြည်နယ် စာကြည့်တိုက်များ ဖောင်ဒေးရှင်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း၊ ချင်းပြည်နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခမ်လျန်ဆုမ်းက ချင်းပြည်နယ်အတွင်း ကျေးရွာစာကြည့်တိုက်များ ဖွင့်လှစ်ထားရှိမှုအခြေအနေတို့ကို လည်းကောင်း အသီးသီးရှင်းလင်းပြော ကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း(ဗဟို)မှ ချင်းပြည်နယ် စာကြည့်တိုက် များဖောင်ဒေးရှင်းသို့ စာအုပ်စာစောင်စုစုပေါင်း(၆၀၀)အုပ်နှင့် အလှူငွေကျပ်(၁)သိန်းပေးအပ်ရာ ပြည်နယ်စာကြည့်တိုက် များဖောင်ဒေးရှင်းဥက္ကဋ္ဌနှင့် ဒုဥက္ကဋ္ဌတို့ကလည်းကောင်း၊ ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးအတွက် စာအုပ်စာစောင်များ လှူဒါန်းရာ ခရိုင်ဦးစီးမှူး ဦးမြင့်နိုင်စိုးကလည်းကောင်း လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြသည်။
အဆိုပါ စာအုပ်လှူဒါန်းပွဲ အခမ်းအနားသို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ချင်းပြည်နယ်ရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း(ဗဟို)မှ တာဝန်ရှိသူများ၊ ချင်းပြည်နယ် စာကြည့်တိုက်များ ဖော်ဒေးရှင်းမှ တာဝန်ရှိသူများ၊ ကျေးရွာစာကြည့်တိုက်မှူးများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စာပေဝါသနာရှင် များ တက်ရောက်ခဲ့ကြပြီး ချင်းပြည်နယ်အတွင်းဖွင့်လှစ်ပြီး ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များမှ စံညီစာကြည့်တိုက်ပေါင်း (၉၉) တိုက်ရှိပြီး စာကြည့်တိုက်ရှင်သန်ခိုင်မာရေး လိုအပ်သော စာအုပ်စာစောင်များ၊ ပရိဘောဂများရရှိနိုင်ရေးတို့အတွက် မြန်မာနိုင်ငံ စာကြည့်တိုက်များဖောင်ဒေးရှင်း(ဗဟို)နှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးအွန်ခန့်ကပ်၏ ပြောပြချက်အရ သိရှိရသည်။
ကျော်စွာ(ပြန်/ဆက်)