ပန်းတောင်းမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ Mask Campaign ပြုလုပ်

ပန်းတောင်း နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ  ကြိုတင် ကာကွယ်တားဆီးနိုင်ရေး၊ ပြည်သူများ နှာခေါင်းစည်းတပ်ဆင်အသုံးပြုကြရေးအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှ ဦးဆောင်၍ Mask Campaign ပြုလုပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ဥသျှစ်ပင်မြို့မစျေးတို့တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးမြင့်သိန်းဦး ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များက စျေးရောင်းချသူများနှင့် စျေးဝယ် သူများ၊ လှုပ်ရှားသွားလာနေကြသော ပြည်သူများအား နေအိမ်ပြင်ပသို့ထွက်တိုင်း နှာခေါင်းစည်းများ စနစ်တကျ အသုံးပြုရေးတို့ကို ပညာပေးပြောကြားခြင်း၊ နှာခေါင်းစည်း များအား ဖြန့်ဝေခြင်းတို့ကို အသံချဲ့စက်များ၊ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေး နှိုးဆော် သည့် သီချင်းဖွင့်လှစ်၍ အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သင်းသင်းအေး(ပြန်/ဆက်)