လွိုင်ကော် နိုဝင်ဘာ ၁၀
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ ကယားပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အနေဖြင့် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများ တင်ဒါခေါ်ယူခြင်းအတွက် တင်ဒါစိစစ်ရွေးချယ်ခြင်းကို ယနေ့ နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တင်ဒါဗဟိုကော်မတီ ဥက္ကဋ္ဌ၊ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်နယ် ခေတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက အဖွင့်အမှာစကားပြေကြားရာတွင် ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လယ်ယာကုန်ထုတ်လမ်း တံတား လုပ်ငန်း၊ ရေပေးရေးလုပ်ငန်း၊ ဝန်ထမ်းအိမ်ရာ တည်ဆောက်ခြင်းလုပ်ငန်းများအား စုစုပေါင်း Lot(၁၆)ခု ဖြင့် ရောင်းချခဲ့ပြီး ကုမ္ပဏီများမှ တင်သွင်းလာသော နည်းပညာအဆိုပြုလွှာနှင့် စျေးနှုန်းအဆို ပြုလွှာများအား တင်ဒါ လက်ခံရေးနှင့် စိစစ်ရေးကော်မတီမှ ဖွင့်ဖောက်စိစစ်သွားမည်ဖြစ်ကြောင်း ၊ ပြည်နယ် အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာပြည်သူများ၏ လိုအပ်ချက်ဖြစ်သော လယ်ယာကုန်ထုတ် လမ်းတံတား လုပ်ငန်း၊ ကျေးလက်ရေရရှိရေးလုပ်ငန်းများကို အရည်အသွေးကောင်းမွန်ပြီး စံချိန်စံညွှန်း ပြည့်မီအောင် ဆောင်ရွက်ပေးမည့် ကုမ္ပဏီများအား လုပ်ငန်းအပ်နှံသူအနေဖြင့် ပြည်သူနှင့်အတူ လက်တွဲညီညီ ပူးပေါင်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ထို့နောက် ကယားပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်သူအောင်မှ တင်ဒါစိစစ်ရွေးချယ်ခြင်းနှင့် ပတ်သက်၍ အကျဉ်းချုပ် ရှင်းလင်း ပြောကြားခဲ့ပြီး Lot အလိုက်နည်းပညာအဆိုပြုလွှာ တင်ဒါလျှောက်လွှာများအား ကော်မတီများ နှင့် ကုမ္ပဏီများရှေ့မှောက်တွင် ပွင့်လင်းမြင်သာစွာ ဖွင့်ဖောက်စစ်ဆေးပြီး ရမှတ်များအား မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများသည် Lot(၁၆)ခု ရှိပြီး၊ ကယားပြည်နယ်အတွင်းရှိ ကျေးရွာလယ်ယာကုန်ထုတ် လမ်း(၂၅)လမ်း၊ ရေပေးရေး(၆၀)ခု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
စိုးလှိုင်ဌေး(ပြန်/ဆက်)