မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မကွေးမြို့ မြသလွန်စေတီတော်တွင် ကဆုန်လပြည့်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲ ကျင်းပ

မကွေး မေ ၂၃

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့တွင် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ညောင်ရေသွန်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မကွေးမြို့ မြသလွန်စေတီတော်ဘုရားရင်ပြင်တော်၌ ကျင်းပခဲ့သည်။

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း(၉၆)ကျောင်းနှင့် စာသင်တိုက်အသီးသီးမှ ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာမကြီးများအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးမြို့ မြသလွန်စေတီတော်ရင်ပြင်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများနှင့် ဇနီးများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံပြည်သူများ စုပေါင်း၍ လောင်းလှူပူဇော်ခဲ့ကြသည်။

ဆက်လက်၍  မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကဆုန်ညောင်ရေသွန်းပွဲတော်သည် ကုသိုလ်ယူဖွယ်ရာ၊ ဝမ်းသာကြည်နူးဖွယ်ရာ ဘာသာရေးဆိုင်ရာပွဲတော်တစ်ခုဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တစ်ရပ်အဖြစ် နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိပြီး၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူး၍ မကွေးမြသလွန်ဘုရားရင်ပြင်တော်ရှိ မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်းခြင်းနှင့် အန္တရာယ်ကင်း ပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ကျင်းပသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ မကွေးတပ်နယ်မှ အကြီးအကဲများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက အခမ်အနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်‌တော့ဖွင့်လှစ်၍ မဟာဗောဓိညောင်ပင်တော်အား ကဆုန်ညောင်ရေသွန်းလောင်း၍ အမွှေးနံ့သာရည်ဖြင့် ပက်ဖျန်းပူဇော်ခဲ့ကြပြီး၊ တိုင်းဒေသကြီး ဌာနဆိုင်ရာအသီးသီးမှ ကိုယ်စားပြု ညောင်ရေသွန်းလောင်းမည့်အဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများက တစ်ဦးချင်း၊ တစ်ဖွဲ့ချင်းအလိုက် စနစ်တကျ လာရောက်ကာ မဟာဗောဓိညောင်ပင်တော်အား ညောင်ရေသွန်းလောင်း ပူဇော်ခဲ့ကြသည်။

ထို့နောက် ဝတ်ရွတ်အသင်းအဖွဲ့များမှ အန္တရာယ်ကင်း  ပဋ္ဌာန်းတရားတော်များကို ရွတ်ဖတ်ပူဇော်ကာ၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတုသုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါ ညောင်ရေသွန်းလောင်းသည့်အဖွဲ့များ၊ အန္တရာယ်ကင်းဋ္ဌာန်းရွတ်ဖတ်ပူဇော်သည့် ဝတ်ရွတ်အသင်းအဖွဲ့များနှင့် ဘုရားဖူးလာပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အချိုရည်နှင့် စားသောက်ဖွယ်ရာမုန့်များကို ကုသိုလ်ဒါနပြုလှူဒါန်းခဲ့ကြောင်းနှင့် ကဆုန်လပြည့်   အခါသမယတွင် မကွေးမြသလွန်စေတီတော်မြတ်ကြီး၌ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာ ပြည်သူများနှင့် ဒေသခံများ စည်ကားများပြားစွာ ဘုရားဖူးလာရောက်ကာ စိတ်အေးချမ်းစွာဖြင့် ဖူးမြော်ကြည်ညိုခဲ့ကြကြောင်း သိရသည်။

မောင်ညီညာ