ပန်းတောင်း မေ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာဦးစီးဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့်ကျောင်းများကို ဇွန် ၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကျောင်းအပ်နှံမှုသီတင်းပတ်အဖြစ် ယနေ့နံနက် (၈) နာရီ (၃၀) မိနစ်အချိန်မှစတင်၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် စတင်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအလိုက် ကျောင်းအုပ်ကြီးများ၊ ကျောင်းအုပ်ချုပ်မှုတာဝန်ခံများနှင့် ဆရာ၊ ဆရာမများက ကျောင်းလာရောက်အပ်နှံသူ မိဘအုပ်ထိန်းသူများနှင့် ကျောင်းသား၊ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ကျောင်းအပ်နှံနိုင်ရေးဆောင်ရွက်ပေးကြပြီး ကျောင်းသား၊ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာနမှ အခမဲ့ထောက်ပံ့ပေးအပ်သည့် စာရေးကိရိယာများနှင့် ကျောင်းသုံးစာအုပ်များကိုလည်း တစ်ပါတည်း ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်၏ ပထမဆုံးရက်ဖြစ်သည့် ယနေ့တွင် အခြေခံပညာအထက်တန်းကျောင်း(ပန်းတောင်း)၌ ကျောင်းအပ်နှံသူ (၄၆၂) ဦးရှိပြီး အဆိုပါကျောင်းများ၏ လုံခြုံရေးနှင့်ကျောင်းအပ်နှံမှုလက်ခံဆောင်ရွက်သည့် ဆရာ၊ ဆရာမများ၊ လာရောက်ကျောင်းအပ်နှံကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့်မိဘများ၏ လုံခြုံရေးအတွက် သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူများနှင့် တာဝန်သိပြည်သူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
လပြည့်လင်း(ပြန်/ဆက်)