မင်းဘူး နိုဝင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြု လူနာသစ် (၁၆)ဦး ရောဂါပိုးတွေ့ရှိခဲ့ပြီး ရန်ကုန်ပြန်များဖြစ်ကြောင်း မြို့နယ် Covid-19 ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ကံက အတည်ပြု ပြောကြားသည်။
ရန်ကုန်အမျိုးသားကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှုဌာန(NHL)သို့ နိုဝင်ဘာ (၇)ရက်နေ့က (၄၈)ဦး၏ ဓါတ်ခွဲနမူနာများ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင် (၁၆)ဦးမှာ ရောဂါပိုးတွေ့ အဖြေသိရှိခဲ့ရခြင်းဖြစ်ကြောင်း၊ ပိုးတွေ့ရှိသူများမှာ လေးအိမ်တန်းကျေးရွာမှ ၉ ဦး၊ ကြာကန်ကျေးရွာမှ ၄ ဦး၊ နန်းဦးကျေးရွာမှ နှစ်ဦး၊ ပင်လယ်သက်ကျေးရွာမှ တစ်ဦး တို့ဖြစ်ပြီး ခရိုင်ပြည်သူ့ဆေးရုံသီးသန့် ဆောင်၌ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း ခရိုင်ပြည်သူ့ဆေးရုံ အုပ်ကြီး ဒေါက်တာတင့်ခိုင်က ပြောသည်။
ပိုးတွေ့ရှိသူများအားလုံးမှာ ရန်ကုန်မြို့က ပြန်လာသူများဖြစ်ပြီး ကြာကန်ကျေးရွာ အောက်ကျောင်း ဘုရား အနီးရှိ ဘက်စုံသုံးဘေးဒဏ်ခံ အဆောက်အဦ Quarantine Centre နှင့် စကုကံဦး သဘာဝတရား ရိပ်သာ Quarantine Centre တို့တွင် အသွားအလာကန့်သတ် ထားရှိ သူများဖြစ်ကြောင်း သိရသည်။
မင်းဘူးမြို့တွင် နိုဝင်ဘာ (၁၀)ရက် နံနက်ပိုင်းအချိန်ထိ ပိုးတွေ့အတည်ပြုလူနာ (၈၆) ဦးအထိ တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၆၁)ဦးရှိပြီး သေဆုံးသူ တစ်ဦးရှိထားကြောင်းခရိုင်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)