မင်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း (၁၅၉) ကျောင်း ၌ ကျောင်းအပ်လက်ခံခြင်းများ စတင်ဆောင်ရွက်

မင်းလှ မေ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် “၂၀၂၄-၂၀၂၅ ပညာသင်နှစ် ကျောင်းနေအရွယ်ကလေးငယ်အားလုံး ပညာသင်ယူခွင့်ရရှိဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို ယနေ့ နံနက်ပိုင်းမှ စတင်လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

မင်းလှမြို့နယ်ရှိ အခြေခံပညာကျောင်း (၁၅၄) ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး(၅) ကျောင်းတို့၌ KG တန်းမှ GRADE-12 အထိ သက်ဆိုင်ရာအတန်းများအလိုက် ကျောင်းအုပ်ကြီးများနှင့် အတန်းပိုင် ဆရာ၊ ဆရာမများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်နှံခြင်းကို လက်ခံဆောင်ရွက်ပေးလျက်ရှိပြီး၊ ကျောင်းသုံးပြဌာန်းစာအုပ်များနှင့် ဗလာစာအုပ် ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံများကို (အခမဲ့) ထုတ်ပေးလျက်ရှိသည်။

အဆိုပါကျောင်းအပ်လက်ခံခြင်းကို မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ဇွန်လ ၃ ရက်နေ့မှစတင်ကာ အခြေခံပညာကျောင်းအားလုံး ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ပေါက်စ