စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စိုက်ဧက (၂၉၀၀)ကို အကျိုး ပြုမည့် လျှပ်စစ်မြစ်ရေတင် စီမံကိန်း(၃)ခု အကောင်အထည်ဖော်မည်

မုံရွာ နိုဝင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် စီမံကိန်းပထမနှစ်အဖြစ် လျှပ်စစ် မြစ်ရေတင်စီမံကိန်း(၃)ခုကို အကောင်အထည်ဖော်တည်ဆောက်ပေးနိုင်ရန် စီစဉ် လျက်ရှိကြောင်း စစ်ကိုင်း တိုင်းဒေသကြီး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီး ဌာန (ရေအရင်းအမြစ်) မှ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းမြင့်ထံမှ သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဘဏ္ဍာရေးနှစ်အလိုက် စိုက်ပျိုး ရေရရှိရန် အခက်အခဲဖြစ်လျက်ရှိသော နေရာများတွင် အကောင်အထည်ဖော် လုပ်ဆောင်ပေး လျက်ရှိရာ ယခုဘဏ္ဍာရေးနှစ်၌ နေရာသုံးခုတွင် အကောင်အထည် ဖော်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

“အခုဘဏ္ဍာရေးနှစ်မှာ နေရာ(၃)ခုမှာ အကောင်အထည်ဖော်ပေးမှာဖြစ်တယ်၊ စစ်ကိုင်း တိုင်း ဒေသကြီး အစိုးရအဖွဲ့ရဲ့ ငွေလုံးငွေရင်းရန်ပုံငွေကနေ အကုန်အကျခံ တည်ဆောက် ပေးသွား မှာဖြစ်ပါတယ်၊ ကင်းတပ် မြောင်း တစ်လျောက်မှာရှိတဲ့ နေရာ(၂)ခုနဲ့ မူးမြစ်အတွင်း ကရေကို အသုံးပြုမဲ့ နေရာတစ်ခုတို့မှာ စီမံကိန်း ပထမနှစ်အဖြစ် အကောင်အထည် ဖော်ပေးသွား မှာဖြစ်ပါတယ် ” ဟု စစ်ကိုင်းတိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံ ခန့်ခွဲရေးဦးစီး ဌာန (ရေအရင်းအမြစ်)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသိန်းမြင့်က ပြောသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်မြစ်ရေတင်လုပ်ငန်းများအဖြစ် ကန့်ဘလူ မြို့နယ် အတွင်းရှိ ကင်းတပ်ဆည်လက်ဝဲမြောင်းမကြီး မိုင်တိုင်အမှတ်(ကတ/၁၁၆)တွင် ဧက (၃၅၀)ကို အကျိုးပြုမည့် လျှပ်စစ် မြစ်ရေတင်လုပ်ငန်း တစ်ခုအားလည်းကောင်း၊  ခင်ဦး မြို့နယ် စောကြီးကျေးရွာအနီးရှိ ကင်းတပ်ဆည် လက်ဝဲ မြောင်းမကြီးတွင် ဧက(၇၅၀) ကိုအကျိုးပြုမည့် လျှပ်စစ်မြစ်ရေတင်လုပ်ငန်း တစ်ခုအားလည်းကောင်း၊ စစ်ကိုင်းခရိုင် ဆားတောင်မြို့ ထန်းတော ဆိပ်ကျေးရွာအနီး မူးမြစ်အတွင်းမှ ဧက(၁၈၀၀)အကျိုးပြုမည့် လျှပ်စစ်မြစ်ရေတင် လုပ်ငန်း တစ်ခုတို့အား စီမံကိန်း ပထမနှစ်လုပ်ငန်းများအဖြစ် အကောင် အထည်ဖော် တည်ဆောက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဝင်းဦး(ဇေယျာတိုင်း)