ကန့်ဘလူ၌ အခြေခံအင်္ဂလိပ်စာ Grammar နှင့် သိုးမွှေးချည်ထိုးနည်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ကန့်ဘလူ မေ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်ခဲ့သည့် အခြေခံအင်္ဂလိပ်စာ Grammar နှင့် သိုးမွှေးချည်ထိုးနည်းသင်တန်းဆင်းပွဲ အခမ်းအနားကို မေ ၂၁ ရက်နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အခမ်းအနားတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမြင့်က ကျောင်းပိတ်ရက်ကာလများတွင် ကလေးငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးပြုတတ်စေရန်၊ နိုင်ငံတကာသုံး အင်္ဂလိပ်စကား ပြောဆိုတတ်လာစေရန်၊ အင်္ဂလိပ်စာစွမ်းရည်များ တိုးတက်လာပြီး ကျောင်းစာများတွင်လည်း အထောက်အကူပြုစေရန်နှင့် လှပသောခေါင်းစည်းကွင်း အမျိူးမျိုးနှင့် တဘက်များကို ကိုယ်တိုင်ထိုးတတ်ပြီး ငွေကြေးကုန်ကျမှုသက်သာစေရန်ရည်ရွယ်ပြီး သင်တန်းများကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ယင်းနောက် သင်တန်းနည်းပြ ဆရာမများက သင်တန်းသူသင်တန်းသားများအား သင်တန်းနှင့်ပတ်သက်၍ သုံးသပ်အမှာစကားပြော ကြားသည်။

ထို့နောက် သင်တန်းတွင် အင်္ဂလိပ်စာအပြောနှင့် အရေးစွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပေးအပ်ပြီး သင်တန်းနည်းပြဆရာမများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခဲ့သည်။ အဆိုပါ အခြေခံအင်္ဂလိပ်စာ Grammar နှင့် သိုးမွှေးချည်ထိုးနည်း သင်တန်းများကို မေ ၆ ရက်မှ ၂၁ ရက်ထိ ၁၅ ရက်ကြာ သင်ကြားပေးခဲ့ပြီး အခြေခံပညာအလယ်တန်းဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၆၀ တက်ရောက်ကြကြောင်း သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)