မကွေး မေ ၂၃
မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နွေရာသီကျောင်းပိတ်ရက်ကာလ၌ လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရေး အခြေခံစက်ချုပ်သင်တန်းဆင်းပွဲ အခမ်းအနားကို မေလ (၂၁) ရက်နေ့ နံနက် ၈ နာရီက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းသူများ တက်ရောက်သည်။
ဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချသင်ကြားပေးသည့် စက်ချုပ်နည်းပညာတွေကို လက်တွေ့အသုံးချပြီး ဘအဆင့်မြှင့်နည်းပညာသင်တန်းများ ဖွင့်ပါက သင်တန်းများ ဆက်လက်တက်ရောက်ပြီး အသက်မွေးဝမ်းကျောင်းပညာရပ်များ ထပ်ဆင့်တတ်မြောက်အောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်မှ လူငယ်ကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်များ အသက်မွေး ဝမ်းကျောင်းပညာကဏ္ဍနှင့် အနာဂတ်ဖွံ့ဖြိုးဖို့ အလားအလာကောင်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြောကြားသည်။
ယင်းနောက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်က ထူးချွန်သင်တန်းသား (၂) ဦးအား အပ်ချုပ်စက်များကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က သင်တန်းဆင်း အောင်လက်မှတ်ကိုလည်းကောင်း၊ လူမှုရေးရာဝန်ကြီး၊ ဦးမျိုးမြင့်က သင်တန်းထွက်ကုန်ချော ပစ္စည်းများကိုလည်းကောင်း ပေးအပ်ချီးမြှင့်ရာ သင်တန်းသူများ ကိုယ်စားသင်တန်းသူတစ်ဦးချင်းက အသီးသီးလက်ခံရယူခဲ့သည်။
ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသူများ ကိုယ်တိုင်ချုပ်လုပ်ထားသည့် အဝတ်အထည်များအား လှည့်လည်ကြည့်ရှုခဲ့သည်။
အဆိုပါ သင်တန်းကို သင်တန်းသူ (၂၀) ဦးအား သင်တန်းနည်းပြ သုံးဦးက ရင်ဖုံး၊ ရင်စေ့၊ ရင်ဖြတ်ဆက်၊ ထမီ၊ ချိတ်စကတ်၊ အင်္ကျီ၊ ဘောင်းဘီချုပ်လုပ်နည်း စသည့်တို့ကို ဧပြီလ ၂၃ ရက်နေ့မှ မေလ ၂၁ ရက်နေ့ အထိ တစ်လကြာ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မောင်ညီညာ