ဘားအံ မေ ၂၃
ကရင်ပြည်နယ် ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ဦးဆောင်ကျင်းပသော နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုစုပေါင်းသင်တန်းဆင်းပွဲကို မေလ ၂၀ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကော့ကျိုက်စံပြကျေးရွာ၊ ပအိုဝ်းကော့ကျိုက်ဘေးမဲ့တိုက်ကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ပအိုဝ်းကော့ကျိုက်ဘေးမဲ့တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒအား သွားရောက်ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျှောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဆင်းပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများ၏ အမျိုးသားရေးလက္ခဏာနှင့် သမိုင်းအမွေအနှစ်တို့ကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုနည်းပါးသည့် တိုင်းရင်းသားလူမျိုးများ၏ လူနေမှုဘဝမြှင့်မာရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်လမ်းပန်းဆက်သွယ်ရေးစသည့်လုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်မှလိုအပ်သည့် အကူအညီအထောက်အပံ့များကို နှစ်စဉ်ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုများကို သင်ကြားပေးသောကျေးရွာများသည် တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာရန် လိုအပ်သည့်အပြင် ပအိုဝ်းတိုင်းရင်းသား လက်လှမ်းမီနိုင်သော သင်ကြားသင်ယူမှုအခင်းအကျင်းများလည်း ဖန်တီးကြရန် မှာကြားလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော ငွေကျပ်သိန်း(၁၅၀)ကို ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်သင်ကြားရေးကော်မတီဥက္ကဋ္ဌထံ ထောက်ပံ့ပေးအပ်ရာ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပအိုဝ်းစာပေသင်တန်းထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်သည်။
ဆက်လက်၍ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းဖွင့်လှစ်သင်ကြားရေးကော်မတီဥက္ကဋ္ဌ ဦးခွန်မင်းအောင်က နွေရာသီပအိုဝ်းစာပေသင်တန်းဖွင့် လှစ်သင်ကြားရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများက ပအိုဝ်းရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
၂၀၂၄ ခုနှစ် နွေရာသီပအိုဝ်းစာပေနှင့်ယဉ်ကျေးမှုသင်တန်းကို ဘားအံမြို့နယ် ပအိုဝ်းကော့ကျိုက်ကျေးရွာ၊ ကမော့ကစင်ကျေးရွာ၊ နောင်ဘိုကျေးရွာနှင့် လှိုင်းဘွဲမြို့နယ် တညင်ကုန်းကျေးရွာတို့မှ သင်တန်းသား၊ သင်တန်းသူ ၃၀၀ ဦး စုပေါင်းသင်တန်းဆင်းခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးစွာတွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)