ရှမ်းရွာသစ်မြို့ စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းဆောင်ရွက်

ရှမ်းရွာသစ်၊ နိုဝင်ဘာ ၁၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့စည်ပင်သာယာရေးအဖွဲ့မှ နှစ်စဉ်ခွင့်ပြုရန်ပုံငွေများဖြင့် မြို့သန့်ရှင်းသာယာလှပစေရေးနှင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မြို့တွင်းရပ်ကွက်များတွင် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများတူးဖော်ခြင်း၊ အများပြည်သူသွားလာမှုလွယ်ကူအဆင်ပြေစေရေးအတွက် လမ်းနှင့်တံတားများကို ဘဏ္ဍာနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိပါသည်။

ထိုသို့မြို့သာယာလှပဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိရာ  ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပိတောက်လမ်း ကျောက်စီရေမြောင်းခင်းခြင်းလုပ်ငန်းကို နိုဝင်ဘာလ ပထမပတ်မှစ၍ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါအုတ်စီရေမြောင်းခင်းခြင်းလုပ်ငန်းတွင် မြို့စည်ပင်သာယာရေးအဖွဲ့မှ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေးအတွက် အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိရာ အရှည် (၆၄၀)ပေ၊ အကျယ်(၂)ပေနှင့် ထုထည်အမြင့်(၂)ပေဖြစ်ပြီး ခွင့်ပြုရန်ပုံငွေကျပ်(၁၂ ဒသမ ၄၀)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

ဇင်လေး (ပြန်/ဆက်)