ကော့သောင်း မေ ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် မေလ(၁၉)ရက်နေ့မှ (၂၁)ရက်နေ့ထိ (၂)ည(၃)ရက်တိုင်တိုင် ပြုလုပ်ကျင်းပခဲ့သော ကော့သောင်းမြို့နယ်လုံးဆိုင်ရာ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်တော်အေးသာသနာ့ဗိမာန်တော်တွင်ပြုလုပ်ရာ ဩဝါဒါစရိယနာယကဆရာတော်များ၊ ဘာဏကဆရာတော်များ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားကို နမောတဿ(၃)ကြိမ် ဘုရားကန်တော့ရွတ်ဆို၍ဖွင့်လှစ်ပြီး ပရိသတ်တို့က ဩကာသကန်တော့ချိုးဖြင့်ရွတ်ဆိုကန်တော့ပြီး ရွှေပြည်သာဆရာတော်အရှင်သူမြတ်ထံမှ သရဏဂုံနှင့်ငါးပါးသီလတော်မြတ်တို့ကို ခံယူဆောက်တည်၍ ဆရာတော်ရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူခဲ့ကြသည်။ယင်းနောက် ဓမ္မသိပ္ပံကျောင်းဆရာတော်မှ အနုမောဒနာဂါထာရွတ်ဖတ်ပူဇော်ခဲ့ပြီး တာဝန်ရှိသူများကရွှေပြည်သာဆရာတော်နှင့် နာယကဆရာတော်များ၊ ပဌာနဘာဏကသံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်ခဲ့ကြသည်။
ယင်းနောက်ရွှေပြည်သာဆရာတော်မှ ပဋ္ဌာန်းဒေသနာတော်ဖြစ်ပေါ်လာခြင်းနှင့် ပဋ္ဌာန်းတရားနာယူခြင်းအကျိုးကြီးမားပုံစသည့် ပဋ္ဌာန်းအနုမောဒနာတရားဟောကြားပြီး တရားနာဧည့်ပရိသတ်တို့က ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဝနဝါသီကျောင်းဆရာတော်က သမ္မာဒေဝနတ်ဗြဟ္မာတို့အား နတ်ပို့ဂါထာတော်ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး အောင်စည်အောင်မောင်း(၉)ခေါက်တီးကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြပြီး သံဃာတော်ရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)