မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှ ကြက်ခြေနီစေတနာ့ဝန်ထမ်း(၆)ဦး ရန်ကုန်တိုင်းဒေသ ကြီး ရှိ ကိုဗစ် - ၁၉ တုံ့ပြန်ကာကွယ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်ရန် သွားရောက်

ပွင့်ဖြူ  နိုဝင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ကြက်ခြေနီစေတနာ့ ဝန်ထမ်း (၆)ဦးအဖွဲ့ ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ကာကွယ်ရေး ဆိုင်ရာ လုပ်ငန်း များတွင် တာဝန်ထမ်း ဆောင်ရန်အတွက် ယမန်နေ့တွင် ပွင့်ဖြူမြို့နယ်မှ ရန်ကုန်တိုင်း ဒေသကြီးသို့ သွားရောက် မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့မှူး ဦးဇော်ဝင်းခိုင် ထံက သိရသည်။

နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကာကွယ် ထိန်းချုပ်မှုများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ တာဝန် ပေးချက်အရ မကွေးတိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီ၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်း ဒေသကြီးရှိ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများတွင် တာဝန်ထမ်း ဆောင်ရန် အတွက် ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးသို့ သွားရောက် မည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ တာဝန်ပေးချက်အရ “ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီစေတနာ့ဝန်ထမ်း(၆)ဦးကို  ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်-၁၉ ရောဂါ တုံ့ပြန် ကာကွယ်ရေးဆိုင်ရာလုပ်ငန်း တွေမှာ လိုအပ်သည်များ ကူညီဆောင်ရွက်ဖို့ စေလွှတ် မှာဖြစ်ပါတယ်။ အဓိကတော့ နိုင်ငံတစ်ဝန်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုကင်းဝေးစေရန်နှင့် ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်သွားနိုင် ရေးအတွက် ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးကို သွားရောက် တဲ့အခါမှာလည်း မကွေးတိုင်း ဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မှ ဦးဆောင်ပြီး တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်တွေမှာ စာရင်းကောက်ယူထားတဲ့ ကျွန်တော်တို့ ပွင့်ဖြူ မြို့နယ်က ကြက်ခြေနီစေတနာ့ဝန်ထမ်း(၆)ဦး အပါအဝင် ကြက်ခြေနီစေတနာ့ဝန်ထမ်း စုစုပေါင်း (၃၉)ဦး စေလွှတ်မှာဖြစ်ပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ ကိုဗစ်-၁၉ ရောဂါတုံ့ပြန်ကာကွယ်ရေးဆိုင်ရာလုပ်ငန်းများကို နိုဝင်ဘာ (၉) ရက်နေ့မှ စပြီး (၄)ပတ် တိတိ တာဝန်ထမ်းဆောင်သွားကြမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့နယ်အနေနဲ့ ကြက်ခြေနီ စေတနာ့ ဝန်ထမ်း(၆)ကို အစစ အရာရာ အဆင်ပြေစေရေးအတွက် မြို့နယ် ကြက်ခြေနီအသင်းခွဲနဲ့ မြို့နယ်အတွင်းမှာရှိတဲ့ ရပ်/ကျေးကြက်ခြေနီအသင်းခွဲငယ်များက ဝိုင်းဝန်းပြီး တော့ ထောက်ပံ့ ငွေနဲ့ စားသောက်ဖွယ်ရာပစ္စည်းများကို ကူညီ ထောက်ပံ့ပေးပါတယ်။ ဒါ့အပြင် မကွေးတိုင်း ဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ကလည်း တစ်ဦးကို ငွေကျပ် (၂)သိန်းစီ ထောက်ပံ့ ပေးပါတယ် ဟု ပွင့်ဖြူမြို့နယ်ကြက်ခြေနီအသင်းခွဲမှ အသင်းဝင် တစ်ဦးဖြစ်သူ ကိုအေးမြတ်မင်း က ပြောသည်။  

 ရဲဝင်းနိုင် ( ညောင်ဦး )