မြဝတီမြို့နယ်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုး

မြဝတီ၊ နိုဝင်ဘာ ၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ဆန္ဒမဲရလဒ်များအား ထုတ်ပြန်ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို  ယနေ့နံနက် ၁၁ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အသိအမှတ်ပြုလက်မှတ်ရေးထိုးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဒေါက်တာ မြင့်အောင်ကျော်နှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ပြည်သူများတက်ရောက်၍ အသိသက်‌သေပြု လက်မှတ်ရေးထိုးကြသည်။

မြဝတီမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံရေးပါတီများမှ ပြည်သူ့လွှတ်တော်အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်း (၅) ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၁) အတွက် ၆ ဦး၊  အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၁၂) အတွက် ၆ ဦး၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)အတွက် ၅ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ်(၂)အတွက် ၆ ဦး၊ ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော် ကိုယ်စားလှယ်အတွက်  ၉ ဦး၊ မွန်တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်အတွက် ၇ ဦး၊ ပအိုဝ့်တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်အတွက် ၈ ဦး တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)