ဟားခါး မေ ၂၂
ချင်းပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၂/၂၀၂၄)အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး Cabinet ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချိုနှင့် ကော်မတီဝင်များဖြစ်ကြသည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Zoom Application ဖြင့် ပုဂ္ဂလိကခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ခရီးသွားလုပ်ငန်းကဏ္ဍ တိုးတက်ကျယ်ပြန့်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားတို့၏ လူမှုစီးပွားဘဝများကို လျင်မြန်စွာ တိုက်ရိုက်အကျိုးသက်ရောက်မှုများရှိသကဲ့သို့ ပြည်တွင်း ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးကို အကျိုးသက်ရောက်မှုများစွာရှိသည့်အတွက် အားပေးဆောင်ရွက်ရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာခရိုင်၊ မြို့နယ်ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ ( Destination Management Organization – DMOs ) များကို ပြန်လည်ဖွဲ့စည်းထားပြီးဖြစ်ကြောင်း၊ ကော်မတီတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ကြသည့် ဌာနဆိုင်ရာများနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်းအဖွဲ့အစည်းများမှ တာဝန်ရှိသူများအနေဖြင့် လက်ရှိအခြေအနေနှင့်ကိုက်ညီပြီး ဒေသခံပြည်သူလူထုအတွက် အကျိုးရှိမည့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးစေလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်တည်း ဆောင်ရွက်၍မရနိုင်ပါကြောင်း၊ အားလုံးပူးပေါင်း ညှိနှိုင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးတင်ပြပြီး ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဦးဟန်ဇော်လင်းက ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသည့် ကော်မတီဝင် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် Zoom Application ဖြင့် တက်ရောက်လာကြသော ပုဂ္ဂလိက ခရီးသွားလုပ်ငန်းကိုယ်စားလှယ်များက ဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအောင်ချိုက အကြံပြုဆွေးနွေးတင်ပြပြီး ချင်းပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)