ဘားအံ၊ နိုဝင်ဘာ ၉
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေအထွေထွေရွေးကောက်ပွဲ ဘားအံမြို့နယ်၏ မဲရလဒ်အဖြေများကို ထုတ်ပြန် ကြေညာနိုင်ရန် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က ဘားအံမြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကျင်းပသည်။
မဲရုံပိတ်သိမ်းချိန် နိုဝင်ဘာ ၈ ရက်နေ့ ညနေ ၄ နာရီမှစ၍ မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲလက်မှတ်များကို ရေတွက်ခဲရာ ယနေ့ နိုဝင်ဘာလ ၉ ရက်နေ့ မွန်းလွှဲ ၁ နာရီခွဲခန့်တွင် ရေတွက်ပြီးစီး၍ ထုတ်ပြန်ကြေညာနိုင်ရန် နိုင်ငံရေးပါတီကိုယ်စားလှယ်များအား အသိအမှတ်ပြုလက်မှတ်ရေးထိုးစေခြင်းဖြစ်ပြီး ဘားအံမြို့နယ်ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသောင်းထွန်း၊ အတွင်းရေးမှူး ဦးစောထက်လင်းဦး၊ နိုင်ငံရေးပါတီများမှကိုယ်စားလှယ်များနှင့် ဒေသခံပြည်သူများတက်ရောက်၍ အသိသက်သေပြုလက်မှတ်ရေးထိုးခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို ဘားအံမြို့နယ်မှ တစ်သီးပုဂ္ဂလ ၁၄ ဦးအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီမှ ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဘားအံမြို့နယ်ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်အမှတ်(၁)တွင် တစ်သီးပုဂ္ဂလ ၂ ဦးအပါအဝင် နိုင်ငံရေးပါတီ(၇)ပါတီမှ ကိုယ်စားလှယ်လောင်း ၉ ဦး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်အမှတ် (၂) တွင် တစ်သီးပုဂ္ဂလ ၁ ဦးအပါအဝင် နိုင်ငံရေးပါတီ (၈) ပါတီမှ ကိုယ်စားလှယ်လောင်း ၉ ဦး၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ၁ ဦးအပါအဝင် နိုင်ငံရေးပါတီ (၆) ပါတီမှ ကိုယ်စားလှယ်လောင်း ၇ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၆)တွင် တစ်သီးပုဂ္ဂလ ၁ ဦးအပါအဝင် နိုင်ငံရေးပါတီ(၆)ပါတီမှ ကိုယ်စားလှယ်လောင်း ၇ ဦး၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ် (၇) တွင် တစ်သီးပုဂ္ဂလ ၁ ဦးအပါအဝင် နိုင်ငံရေးပါတီ (၅) ပါတီမှ ကိုယ်စားလှယ်လောင်း ၆ ဦး၊ ဗမာတိုင်းရင်းသားမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ၂ ဦးအပါအဝင် နိုင်ငံရေးပါတီ (၇)ပါတီမှ ကိုယ်စားလှယ်လောင်း ၉ ဦး၊ မွန်တိုင်းရင်းသားမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ၂ ဦးအပါအဝင် နိုင်ငံရေးပါတီ (၅) ပါတီမှ ကိုယ် စားလှယ်လောင်း ၇ ဦး၊ ပအိုဝ်းတိုင်းရင်းသားမဲဆန္ဒနယ်တွင် တစ်သီးပုဂ္ဂလ ၄ ဦးအပါအဝင် နိုင်ငံရေးပါတီ (၄) ပါတီမှ ကိုယ်စားလှယ်လောင်း ၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)