ဟားခါး မေ ၂၁
ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ကွန်ပျူတာအခြေခံ (ရက်တို) သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ချင်းပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်ထဲရေးဝန်ကြီးဌာနကိုတာဝန်ခံပြီး တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော်အစိုးရ၏မူဝါဒများ အကောင်အထည်ဖော်ရေး၊ ကောင်းမွန်သောအုပ်ချုပ်မှုစနစ်ဖော်ဆောင် ရေး၊ ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရေးစသည့် လုပ်ငန်းတာဝန်များအပြင် အခြားဝန်ကြီးဌာနမှ လွှဲအပ်သည့် လုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောဌာနဖြစ်ပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းတိုင်း မိမိဌာနက ကိုင်တွယ်ကျင့်သုံးနေသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ကျေညက်ရန် လိုအပ်သကဲ့သို့ ယနေ့ခေတ်၏ လိုလားချက်ဖြစ်သော IT ပညာရပ်များကိုလည်း ကျွမ်းကျင်မှုရှိရန် လိုအပ်ကြောင်း၊ ရုံးလုပ်ငန်း၏ အဓိကကျသော စာစီစာရိုက်လုပ်ငန်း၊ ကိန်းဂဏန်းများဖြည့်သွင်းရာတွင် အရေးကြီးသည့်ဇယားများ ရေးဆွဲခြင်းများကို ပိုင်နိုင်ကျွမ်းကျင်ရမည်ဖြစ်၍ ပထမဦးစွာ ကွန်ပျူတာအသုံးချမှုအခြေခံနည်းစနစ်များကို ကျွမ်းကျင်တတ်မြောက်ရမည်ဖြစ်ပါကြောင်း၊ သင်တန်းကာလတွင် သင်တန်းပို့ချမည့် ဆရာ၊ ဆရာမများက အလေးအနက်ထားပို့ချမည်ဖြစ်သကဲ့သို့ သင်တန်းသားများအနေဖြင့်လည်း စိတ်ပါဝင်စားစွာ သင်ယူကြရန် တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။
ထို့နောက် ချင်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက သင်တန်းဖွင့်လှစ်ရခြင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး သင်တန်းဖွင့်ပွဲအခမ်းအနား ရုပ်သိမ်းကာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းတက်ရောက်မည့် ချင်းပြည်နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ ဝန်ထမ်းများအား အားပေးစကားပြောကြားသည်။
အဆိုပါသင်တန်းကို ၂၀၂၄ ခုနှစ် ၊ မေလ ၂၀ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၄) ပတ်ကြာ လုပ်ငန်းခွင်မပျက် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် ( ပြန်/ဆက် )