လွိုင်ကော် ပြည်သူ့ဆေးရုံကြီး၌ ကုသပေးလျက်ရှိသော ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ လူနာ(၄)ဦး အား ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ပြု

လွိုင်ကော် နိုဝင်ဘာ ၉

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာဖြစ်သည့် ဒီးမော့ဆို မြို့နယ်၊ ရူးဖဲခူရပ်ကွက် မှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦး ၊ လွိုင်ကော်မြို့၊ မင်္ဂလာရပ်ကွက်နေ အသက်(၃၃) နှစ်အရွယ်အမျိုးသားတစ်ဦး၊ လွိုင်ကော်မြို့၊ ပန်ကန်းစိုက်ကွင်း(၃)နေ အသက်(၄၅)နှစ်အရွယ်အမျိုးသားတစ်ဦး၊ လွိုင်ကော်မြို့၊ ဒေါဥခူ ရပ်ကွက် နေ အသက်(၁၉)နှစ်အရွယ် အမျိုးသားတစ်ဦးတို့အား လွိုင်ကော်ပြည်သူ့ဆေးရုံ ကြီး တွင် ဆေးဝါးကုသပေးလျက်ရှိပြီး ၎င်းတို့၏ဓါတ်ခွဲနမူနာများကို သတ်မှတ်ရက် အလိုက် စစ်ဆေးခဲ့ရာ နှစ်ကြိမ်ဆက်တိုက် ပိုးမတွေ့ (ပိုးမတွေ့) ဖြစ်ကြောင်းနှင့် သတ်မှတ် Quarantine ဝင်ရောက်ရက်စေ့၍ ကျန်းမာရေးကောင်းမွန်သဖြင့် ၎င်းတို့အား နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်း တွင် ဆေးရုံမှဆင်းခွင့်ပြု လိုက်ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါပို့တွေ့ လူနာအား ၎င်း၏နေအိမ်တွင် Home Quarantine အဖြစ်(၇) ရက် ဆက်လက်နေထိုင်စေမည်ဖြစ်ကြောင်းနှင့် လွိုင်ကော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ဝင်း ၊ လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းနေဝင်း ၊ လွိုင်ကော်ပြည်သူ့ ဆေးရုံအုပ်ကြီးဒေါက်တာခင်စန်းမြင့်နှင့် တာဝန်ရှိသူတို့က ကျန်းမာရေး ညွှန်ကြားချက်များနှင့် အညီ လိုက်နာနေထိုင်သွားရန်မှာကြားပြီး ကယားပြည်နယ် ကြက်ခြေနီ အသင်းမှ Volunteers တို့က မော်တော်ယဉ်ဖြင့် အိမ်အရောက် ပို့ဆောင်ပေးခဲ့ ကြောင်းသိရသည်။

ယနေ့အထိ လွိုင်ကော်မြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ(၈)ဦးရှိပြီ ယခု ကိုဗစ်-၁၉ ရောဂါ သက်သာ ပျောက်ကင်း၍ ဆေးရုံမှဆင်းခွင့်ရရှိသူ (၄) ဦးရှိကြောင်း ၊ လက်ရှိ လွိုင်ကော် ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ၍ ဆေးဝါးကုသမှုခံယူသူ (၂) ဦးကျန်ရှိကာ ၎င်းတို့၏ ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိကြောင်း လွိုင်ကော်မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ထံမှသိရသည်။

အောင်ထွန်းလေး(ပြန်/ဆက်)