သံတောင်ကြီးဒေသထွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများ ဈေးကောင်းရရှိ

သံတောင်ကြီး မေ ၂၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ခံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်ခံပင်များဖြစ်သည့် ကွမ်းသီးပင်နှင့် သစ်ပင်ကြီးများပေါ်တွင် တွယ်တက်ရန်အတွက် တောင်ပေါ်ကွမ်းရွက်ကြမ်းများနှင့်တွဲဖက်၍ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဒေသခံပြည်သူများသည် တောင်ပေါ်ကွမ်းရွက်ကြမ်းများကိုတစ်နှစ်လျှင် (၃) ကြိမ်နှုန်းဖြင့် ခူးယူပြီး မေလတတိယအပတ်တွင် ပထမအကြိမ် တောင်ပေါ်ကွမ်းရွက်ကြမ်းများကို စတင်ခူးယူလျက်ရှိသည်။ မိုးတွင်းအချိန်တွင် ပေါ်ကွမ်းရွက်ကြမ်းများ အထွက်နှုန်းကောင်းသော်လည်း ဈေးနှုန်းကျဆင်းပြီး တောင်ပေါ်ကွမ်းကြမ်း(၁၀)ပိဿာလျှင်ကျပ်(၇၀၀၀)မှကျပ် (၈၀၀၀) ထိသာရရှိသော်လည်း နွေရာသီနှင့် ဆောင်းရာသီတွင် တောင်ပေါ်ကွမ်းရွက်ကြမ်းများသည် အထွက်နှုန်းနည်းသော်လည်း ဈေးကောင်းရရှိကာ (၁၀) ပိဿာလျှင် ကျပ် (၃၀၀၀၀)မှကျပ်(၃၅၀၀၀)အထိ  ဈေးကောင်းရရှိလျက်ရှိ‌ကြောင်း တောင်ပေါ်ကွမ်းရွက်ကြမ်း ရောင်းဝယ်လုပ်ကိုင် သူဦးစောသာဝါးထံက သိရသည်။

နော်နော်မူ