ဘားအံ မေ ၂၁
ကရင်ပြည်နယ်၊ စုံနံ့သာမြိုင်ဆွေမြို့တော် မြိုင်ကြီးငူအထူးဒေသ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၏ (၆၅) နှစ်ပြည့် ဝိဇာတမွေးနေ့ အလှူတော်မင်္ဂလာနှင့် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝိဇာတမွေးနေ့ အခမ်းအနားကို နမောတဿ သုံးကြိမ် ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ ဖွင့်လှစ်ပေးခဲ့ကာ ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူဆရာတော် ဘဒ္ဒန္တဉာဏိက၏ ထေရုပ္ပတ္တိအကျဉ်းကို မြဝတီမြို့၊ သင်္ကန်းညီနောင် ကျေးရွာ ဗုဒ္ဓသုခကျောင်းဆရာတော် ဘဒ္ဒန္တသုန္ဒရမှ ဖတ်ကြားပူဇော်ပြီး ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်းနှင့် သံဃာတော်အရှင်သူမြတ်တို့ ရွတ်ဖတ်သရဇ္ဈယ်သော မေတ္တာသုတ်တရားတော်နှင့် ကျေးဇူးတော်ရှင် ဒုတိယမြိုင်ကြီးငူ ဆရာတော် ဘဒ္ဒန္တဉာဏိက ဟောကြားတော်မူသော အနုမောဒနာ တရားတော်များကို အလှူတော်မင်္ဂလာသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များက နာယူခဲ့ကြပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုအစုစုတို့ကို ဆက်ကပ်လှူဒါန်း၍ ရေစက်ချအမျှပေးဝေ ခဲ့ကြသည်။
အဆိုပါ ဝိဇာတမွေးနေ့ပူဇော်ပွဲ အခမ်းအနားသို့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ကရင်ပြည်နယ် အစိုးအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ တာဝန်ရှိသူများ နှင့် ဧည့်ပရိသတ်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)