ပိုင်ကျုံ မေ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ မြို့အင်္ဂါရပ်နှင့်အညီ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ပိုင်ကျုံမြို့ အမှတ် (၂) ရပ်ကွက်ရှိ ဘုရားကျောင်းလမ်းအား လမ်းဘေးဝဲယာတွင်အုတ်စီပလက်ဖောင်း ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းကို မေလ ၂၀ ရက်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ခွင့်ပြုရန်ပုံငွေ ကျပ် (၃၉.၀၈) သန်းဖြင့် အရှည် ၅၀၂ ပေ၊ အကျယ် ၂ပေ၊ အမြင့် ၃ပေရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေးအတွက် မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများတို့က အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုလုပ်ငန်းများ ပြီးစီးပါက မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပလာမည့်ဖြစ်ပြီး ဒေသခံပြည်သူများတို့၏ လူနေမှုဘဝ မြင့်မားလာမည့်အပြင် သွားရေးလာရေးအတွက် ပိုမိုအဆင်ပြေလာမည်ဖြစ်ကြောင်း သိရသည်။
နော်ခူး (ပြန်/ဆက်)