မြဝတီ မေ၂၁
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် “ ကျောင်းနေအရွယ် ကလေးအားလုံး အခြေခံပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” ဆောင်ပုဒ်နှင့်အညီ ပညာရေးကဏ္ဍကိုအဆင့် မြှင့်တင်ဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းနေအရွယ် ကလေးတိုင်း အခြေခံပညာသင်ယူနိုင်စေရေးအတွက် ယနေ့ နံနက် ၈ နာရီက ကရင် ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပေးကြောင်း သိရသည်။
အဆိုပါ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူပေးခြင်းကို မြဝတီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း ဦးဆောင်၍ ခရိုင်စီမံအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များ၊ ကြီးကြပ်မှုကော်မတီနာယက ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာ အကြီး အကဲများက အထိမ်းအမှတ် ပိုစတာအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး အောင်သပြေခက်ဖြင့် အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။
မြဝတီမြို့နယ်၌ မြေစိုက်ပိုစတာစိုက်ထူပေးခြင်းကို အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရှေ့နှင့် မြို့နယ်ပညာရေးမှူးရုံးရှေ့တို့တွင် စိုက်ထူပေးထားပြီး ကျောင်းအပ်နှံရေး သီတင်းပတ်နေ့ကို ၂၀၂၄ ခုနှစ်၊ မေ၂၃ မှ ဇွန်လ၂ ရက်နေ့အထိ သတ်မှတ်ထားကာ မြဝတီမြို့နယ်အနေဖြင့် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို မေ ၃၀ တွင် ကျင်းပမည်ဖြစ်၍ အခြေခံပညာကျောင်းများ၌ ကျောင်းနေအရွယ်ကလေး အားလုံးအတွက် ကျောင်းအပ်နှံရေး
ကိုလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇာဖြူဝင်း(မြဝတီ)