လိပ်သို မေ ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများစွမ်းဆောင်ရည်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အထများဖြစ်ပေါ်စေရန် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီက မြို့နယ်ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ သိန်းအေး ရေးသားသော “လူငယ်နှင့်မီဒီယာအခွင့်အလမ်း” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်းရည်ရွယ်ချက်များ ပြောကြားပြီး “လူငယ်နှင့်မီဒီယာအခွင့်အရေး”စာအုပ်မှ “လူငယ်တွေလက်ခံနေတဲ့ယဉ်ကျေးမှု” ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ နော်မားကစ်(စာထောက်-၃ပြ)က “စာအုပ်များဖြင့်ဘဝကိုတည်ဆောင်ခြင်း” ခေါင်းစဉ်အောက်မှ “စာအုပ်ဟောင်းများသည် မိတ်ဆွေဟောင်းများနှင့်တူညီလေရာ မိတ်ဆွေဟောင်းများသည် ဖိနပ်ဟောင်းများနှင့်တူလေရာ စီးနင်းလေတိုင်း စိတ်ချမ်းမြေ့မှုကိုပေးလေ့ရှိသည်” ဟု ဆိုခဲ့ဖူးပါကြောင်း စသည့်အကြောင်းအရာများကိုလည်းကောင်း ဖတ်ကြားဆွေးနွေးခဲ့သည်။
လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းတစ်ဦးချင်း လုပ်ငန်းခွင်အတွင်း အရည်အသွေးမြင့်မားလာစေရန်ရည်ရွယ်၍ ရုံးလုပ်ငန်းလက်စွဲစာအုပ်၊ ဝန်ထမ်းကျင့်ဝတ်စာအုပ်၊ ငွေစာရင်းထိန်းသိမ်းနည်းလက်စွဲ အစရှိသည့် စာအုပ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပြုလုပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခင်လေးနွယ် (လိပ်သို)