ရှမ်းရွာသစ် မေ ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများ ဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှ ရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို လစဉ် ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၉) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ "လူငယ်နှင့်အခွင့်အလမ်း" စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာဖတ်ဝိုင်း ဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအဖွဲ့ဝင်များက စိတ်ထဲတွင် ပေါ်လာသည့် မည်သည့်အတွေးပဲဖြစ်ဖြစ် ငါဟာမုချမလွဲအောင်မြင်မှာပဲ။ အောင်ပွဲကိုရမည်ဟု ယုံကြည်လျှင် တကယ်ဖြစ်လာကြောင်း၊ ပင်ကိုစွမ်းရည်နဲ့ အရည်အချင်းထက် ယုံကြည်မှုကပို၍ အရေးကြီးကြောင်း၊ ယုံကြည်မှုဆိုသည့် အားသာချက်က အားနည်းချက်များအား ဖုံးလွှမ်းသွားကြောင်း၊ နိုင်ငံတစ်နိုင်ငံ တိုးတက်မှု မြန်ဆန်ရေးသည် နိုင်ငံသူနိုင်ငံသားတွေ၏ ပညာရည် ဘယ်လောက်မြင့်မားသလဲဆိုတဲ့အပေါ်တွင် အများကြီးမူတည်ကြောင်း၊ ပညာရေး အဆင့်အတန်းမြင့်မားလျှင် နိုင်ငံတစ်နိုင်ငံကို အင်နဲ့အားနဲ့ တွန်းတင်နိုင်ခဲ့သည့် သာဓကများလည်း ကမ္ဘာ့နိုင်ငံ အသီးသီးတွင် ရှိခဲ့ပြီဖြစ်ကြောင်း စသည်ဖြင့် စာအုပ်တွင်ပါရှိသည့် ခေါင်းစဉ်ပါ အကြောင်းအရာများကို အကျဉ်းချုပ် အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)