ချောင်းဆုံမြို့နယ်တွင် အချိန်မီစိုက်ပျိုးနိုင်ရေး မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ စတင်ထုတ်ချေးပေး

ချောင်းဆုံ မေ ၂၁

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးခြင်းကို ယမန်နေ့က မြို့နယ်မြန်မာ့လယ်ဖွံ့ဖြိုးရေးဘဏ်(ခွဲ)တွင် စတင်ထုတ်ချေးပေးလျက်ရှိရာ ကုလားဘီကျေးရွာမှ မိုးစပါးစိုက်တောင်သူ(၄၈)ဦးတို့၏ စိုက်ဧက(၂၇၉)ဧကအတွက် လေးရာတစ်ဆယ့်ရှစ်သိန်းငါးသောင်းကျပ် ထုတ်ချေးပေးခဲ့ကြောင်းသိရသည်။

စိုက်ပျိုးချေးငွေများ ထုတ်ပေးရာတွင် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို အစောဆုံး ပြန်လည်ပေးဆပ်ခဲ့သည့် ကုလားဘီကျေးရွာကို စတင်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊  မိုးစပါးစိုက်ဧက တစ်ဧကလျှင် တစ်သိန်းငါးသောင်းနှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ပြီး တောင်သူတစ်ဦးလျှင် အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးမည်ဖြစ်ကြောင်း နှင့် ချေးငွေများကို လုပ်ငန်းခွင်များတွင် အကျိုးရှိရှိအသုံးပြုကြရန် လိုအပ်ကြောင်း မြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ) မန်နေဂျာ ဒေါ်သီတာထွန်းက ပြောကြားသည်။

ချေးငွေထုတ်ယူမည့် တောင်သူများအနေဖြင့် ပုံစံ(၇) အမည်ပေါက်ရှိရမည်ဖြစ်ပြီး မိုးစပါး ချေးငွေစိစစ်ရေးအဖွဲ့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် ကတ်ပြားတို့ပါရှိမှသာ စိုက်ပျိုးချေးငွေများ လာရောက်ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို ၂၀၂၄ ခုနှစ်အတွက် မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၄၆)စုမှ မိုးစပါးစိုက်ဧက စုစုပေါင်း (၃၄၄၄၂) ဧကအတွက်  ချေးငွေစုစုပေါင်း သိန်းပေါင်း (၅၁၆၆၃)သိန်းခန့်အား မေလ(၂၀)ရက်နေ့မှ စတင်ကာ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။

သူဇာ(ချောင်းဆုံ)