ပွင့်ဖြူ နိုဝင်ဘာ ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ တောင်သူများ နွေ ၊ မိုး ၊ ဆောင်း ရာသီမပျက် သီးနှံစိုက်ပျိုးနိုင်ရေးအတွက် နှစ်စဉ် မဲဇလီရေလွှဲဆည်မှ စိုက်ပျိုးရေများ စနစ်တကျ ဖြန့်ဝေပေးလျက်ရှိရာ မြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ မိုးစပါးစိုက်ပျိုးရာသီအတွက် ဖြန့်ဝေပေးလျက်ရှိသော သီးနှံအောင်ရေအား ယခုလကုန်အထိသာ ဖြန့်ဝေပေးမည်ဖြစ်ကြောင်းကို ယနေ့နံနက်ပိုင်းက မိုးစပါး စိုက်ပျိုးတောင်သူများအား အသိပေးကြေညာထားကြောင်း ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနရုံးမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၇၁၀၈၇ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရကာ တောင်သူများ သီးနှံအထွက်နှုန်းကောင်းမွန်စေရေးအတွက် မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲထွဋ်အောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဆည်ရေလုပ်သားများအဖွဲ့က စိုက်ပျိုးရေ လုံလောက်စွာ ရရှိစေရန်နှင့် သီးနှံအောင်ရေ ပြည့်မီစွာ ပေးဝေနိုင်ရေးအတွက် ရေလက်တံမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်ပေးမှုကြောင့် တောင်သူများ စိုက်ပျိုးထားရှိသည့် မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိနေကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေနဲ့ မဲဇလီရေလွှဲဆည်မှ ဆည်ရေများကို မြို့နယ်အတွင်းရှိ တောင်သူများ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပျက် သီးနှံအဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ဖြန့်ဝေပေးလျက်ရှိပါ တယ်။ စိုက်ပျိုးရေများ ဖြန့်ဝေပေးရာမှာလည်း ဆည်ရေဝင်ရောက်မှုအပေါ် မူတည်ပြီး တောင်မုန်းမြောင်းမကြီးနဲ့ မြောက်မုန်း မြောင်းမကြီးတို့ရှိ ဆည်ရေသောက်ဧရိယာ သီးနှံစိုက်ခင်းများကို အလှည့်ကျစနစ်နဲ့ ဖြန့်ဝေပေးတာဖြစ်ပါတယ်။ ယခုနှစ်မှာတော့ တောင်မုန်းမြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ လယ်မြေများကို မိုးစပါးသီးနှံအတွက် ဆည်ရေဖြန့်ဝေတာ ဖြစ်ပြီး ယခုအခါ တောင်သူများ စိုက်ပျိုးထားတဲ့ မိုးစပါးသီးနှံစိုက်ခင်းတွေ သီးနှံအောင်ရေလုံလောက်စွာ ဖြန့်ဝေပေးနိုင်ခဲ့လို့ အောင်မြင် ဖြစ်ထွန်းမှုလဲ ရှိပါတယ်။ ဒါ့ကြောင့် မိုးစပါးသီးနှံအောင်ရေဖြန့်ဝေပေးခြင်းကို ယခုလကုန်အထိသာ ဖြန့်ဝေပေးသွားမယ်ဆိုတာကို တောင်သူတွေကို အသိပေးကြေညာခြင်းဖြစ်ပါတယ်။ နောက်ပြီး တောင်မုန်းမြောင်းမကြီးမှာရှိ ရေစီးရေလာ ပိုမိုကောင်းမွန်စေရေး အတွက် ရေသောက်စနစ် ပြုပြင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားဖို့ရှိတာကြောင့် တောင်မုန်းမြောင်းမကြီး ဆည်ရေသောက် ဧရိယာမှာရှိတဲ့ တောင်သူတွေကို နွေစပါးသီးနှံအတွက် စိုက်ပျိုးရေမပေးဝေတော့ပဲ နွေသီးနှံ(နွေနှမ်း) စိုက်ပျိုးရန်အတွက်သာ ဖြန့်ဝေပေးသွားမှာဖြစ်ပြီး နွေနှမ်းစိုက်ပျိုးရေကိုတော့ မတ်လကုန်မှာ စတင်ပေးဝေသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြောက်မုန်း မြောင်းမကြီး ဆည်ရေသောက်ဧရိယာအတွင်းရှိ တောင်သူတွေ နွေစပါးသီးနှံ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက်ကိုလည်း ပျိုးထောင်ရေကို ဖေဖော်ဝါရီလလယ်ခန့်မှာ စတင်ပေးဝေသွားဖို့ စီစဉ်ဆောင်ရွက်ထားပါတယ်” ဟု ပွင့်ဖြူမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးရဲထွဋ်အောင် က ပြောကြားခဲ့သည်။
ရဲဝင်းနိုင် ( ညောင်ဦး )