ဂန့်ဂေါမြို့နယ်တွင် ဆောင်းမြေပဲများ အောင်မြင်ဖြစ်ထွန်း

ဂန့်ဂေါ နိုဝင်ဘာ ၉

ဂန့်ဂေါမြို့နယ်အတွင်း ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် နေကြာနှင့် မြေပဲကို အဓိကထား စိုက်ပျိုးကြရာ ယခုနှစ်တွင် စိုက်ပျိုးထားသည့် ဆောင်းမြေပဲခင်းများမှာ  အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ် စိုက်ပျိုရေးဦးစီးဌာနမှ သိရသည်။

"ဆောင်းမြေပဲအဖြစ် ဆင်းပဒေသာ(၆)၊ ဆင်းပဒေသာ(၁၁)နဲ့ မကွေး (၁၆) မြေပဲမျိုးတွေကို စိုက်ပျိုးကြပါတယ်။ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းတွေက ဆောင်းမြေပဲခင်းတွေကို  ပိုးမွှားကျရောက်မှု ကင်းထောက် စစ်ဆေးပေးတာ၊ တောင်သူတွေနဲ့ တွေ့ဆုံပြီးပိုးမွှားရောဂါ စနစ်တကျ ကာကွယ်နှိမ်နင်းရေး ပညာပေး ဆွေးနွေး တာတွေ ဆောင်ရွက်လျက်ရှိပါတယ်" ဟု ဂန့်ဂေါမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမြင့်ဇော်က ပြောကြားခဲ့သည်။

ဂန့်ဂေါမြို့နယ်အတွင်း ယခင်နှစ်က ဆောင်းမြေပဲ  ၅၃၃၃ ဧက စိုက်ပျိုးခဲ့ကြောင်းနှင့် ယခုနှစ် ဆောင်းရာသီ တွင်  ယခင်နှစ်စိုက်ဧကထက် ပိုမိုစိုက်ပျိုးသွားနိုင်ရေး  စီစဉ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာလကုန်ပိုင်း အထိ ၅၁၆၅ ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း သိရှိရသည်။

တောင်သားမောင်သန်း