ကြို့ပင်ကောက်မြို့နယ်မှ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေး အတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုး

ကြို့ပင်ကောက် နိုဝင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်တွင် ကျင်းပပြုလုပ်ခဲ့သော ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်များ ထုတ်ပြန် ကြေညာနိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အသိအမှတ်ပြုလက်မှတ်ရေးထိုးခြင်းကို  နိုဝင်ဘာလ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန် ခန့်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကျင်းပပြုလုပ်သည်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကြီး၏ ရလဒ်များ ထုတ်ပြန်ကြေညာနိုင်ရေးအတွက် အသိအမှတ်ပြု လက်မှတ် ရေးထိုးပွဲသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်သန်းနှင့် အဖွဲ့ဝင်များ၊ နိုင်ငံရေး ပါတီများမှ ရွေးကောက်ပွဲကိုယ်စားလှယ်များ၊ ပြည်သူများတက်ရောက်၍ အသိသက်‌သေပြု လက်မှတ် ရေးထိုးကြသည်။

ကြို့ပင်ကောက်မြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို နိုဝင်ဘာလ ၈ ရက်နေ့ကကျင်းပ ပြုလုပ်ခဲ့ရာ ပြည်သူ့လွှတ်တော် အတွက် (၆)ပါတီ၊ တိုင်းဒေသကြီး လွှတ်တော် အမှတ်(၁)နှင့်(၂)အတွက် (၆)ပါတီ၊ အမျိုးသား လွှတ်တော် အတွက်(၃)ပါတီ၊ တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် အတွက် ကရင်လူမျိုး(၇)ဦး ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)