မြဝတီမြို့၌  ပလတ်စတစ်အိတ် သုံးစွဲမှုလျော့ကျရေး  အသိပညာပေးဟောပြော

မြဝတီ မေ ၂၀

ကရင်ပြည်နယ်၊  မြဝတီခရိုင်  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊   ခရိုင်စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်အတွင်းရှိ  ကွမ်းယာဆိုင်ဖွင့်လှစ် ရောင်းချသူများအား  ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ကျရေး   အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ရုံးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးကျော်ကျော်ဦးက ဟောပြောပွဲဆောင်ရွက်ရခြင်းရည်ရွယ်ချက်၊မြို့နယ်အတွင်း ရောင်းချနေသည့် ကွမ်းယာဆိုင်များအနေဖြင့်  ပလတ်စတစ်အိတ်ထုတ်ပိုးသုံးစွဲမှုအစား ဖက်ရွက်ဖြင့် ပြောင်းလဲအသုံးပြုစေလိုကြောင်းနှင့် မိမိပတ်ဝန်းကျင်တွင် ပလတ်စတစ်အိတ်သုံးစွဲမှုကြောင့် ညစ်ညမ်းမှုဆိုးကျိုးများ လျော့ကျလာနိုင်မည်ဖြစ်ကြောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး   ဦးရန်နိုင်ထွန်းက ပတ်ဝန်းကျင်ရှိ လေထုစနစ် ကောင်းမွန်စေရေးအတွက် လူသားတို့နေ့စဉ်အသုံးပြုနေသည့် ပလတ်စတစ်အိတ် မီးရှို့ဖျက်ဆီးမှုများမပြုလုပ်ဘဲ ပလတ်စတစ်အိတ်အစား ဖက်များဖြင့်အစားထိုး အသုံးပြုစေလိုကြောင်းနှင့် ပတ်ဝန်းကျင်ထိခိုက်ပျက်စီးစေနိုင်သည့် ပလတ်စတစ်ဆိုးကျိုးအန္တရာယ်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်  ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်မိုးကိုက ဈေးကွက်တွင် ရောင်းချနေသည့် ပစ္စည်းများဝယ်ယူရာတွင် သက်တမ်းကုန်ဆုံးမှုသေချာစွာကြည့်ရှုဝယ်ယူသင့်ကြောင်းနှင့်စပ်လျဉ်း၍ သိကောင်းစရာတို့ကို အသီးသီးဆွေးနွေးဟောပြောပေးပြီး တက်ရောက်ကြသူများက သိရှိလိုသည့်အချက်များ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းပေး၍ သတ်မှတ်ကာလအတွင်း အစားထိုးသုံးစွဲမှုများဆောင်ရွက်ရမည်ဖြစ်ကြောင်းကို  အသိပေးပြောကြားထားကြောင်း  သိရသည်။

ဇာဖြူဝင်း(မြဝတီ)