အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ)တွင် အခြေခံ ကွန်ပျူတာသင်တန်း ဆင်းပွဲကျင်းပ

ဟင်္သာတ မေ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်ရှိ အစိုးရနည်းပညာ အထက်တန်းကျောင်း (ဟင်္သာတ)တွင် မြန်မာနိုင်ငံကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း (ဟင်္သာတ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သည့် အခြေခံကွန်ပျူတာသင်တန်း ဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်က သင်တန်းဆင်း အမှာစကားပြောကြားရာတွင် "ယခုလို သင်တန်းများ ဖွင့်လှစ်ပေး ခြင်းအားဖြင့် ကိုယ်အင်္ဂါမသန်စွမ်းသူတို့၏ ဘဝများ တိုးတက်မြင့်မားလာမည်ဖြစ်ကြောင်း၊ သင်တန်း တက်ရောက်ခဲ့ကြသည့် သူများအနေဖြင့်လည်း သင်တန်းတွင် ပို့ချပေးခဲ့သော သင်ခန်း စာများကို ပိုမိုတိုးတက်အောင် ဆက်လက်လေ့ကျင့်သင်ကြားသွားစေလိုကြောင်း၊ သင်တန်းမှ ရရှိခဲ့သော အတတ်ပညာ၊ ဗဟုသုတများကို မိမိတို့ဘဝတိုးတက်ရေးနှင့် နိုင်ငံတော်အတွက် တစ်ဖက် တစ်လမ်းမှ အထောက်အကူပြုနိုင်မည့် သင်တန်းသား/သူများ ဖြစ်ကြမည်ကို ယုံကြည် ပါကြောင်း" ပြောကြားခဲ့ပြီးနောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ဟင်္သာတ) ကျောင်းအုပ် ဆရာကြီး ဦးမင်းမင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များနှင့် သင်ကြားမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းဆင်းလတ်မှတ်များနှင့် ထူးချွန်ဆုရရှိခဲ့ကြသူများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းသား၊ သင်တန်းသူများ ကိုယ်စားမြန်မာနိုင်ငံ ကိုယ်အင်္ဂါမသန်စွမ်းသူများအသင်း(ဟင်္သာတ) မှ ဘဏ္ဏာရေးမှူး ဒေါက်တာ ဝင်းထွဠ်လှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင် ခေတ္တ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရနည်းပညာအထက်တန်းကျောင်း (ဟင်္သာတ) ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများ တက်ရောက် ခဲ့ကြပြီးသင်တန်းအား (၁)လကြာ စာတွေ့လက်တွေ့ ဖွင့်လှစ်သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)