တောင်ငူ မေ ၁၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီးရင်ပြင်ပေါ်တွင် အသံမစဲ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို မေ ၁၅ ရက်နေ့မှစတင်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက် (၇) နာရီခွဲအချိန်က အရှေ့မုခ် ဘုရားကိုးဆူ အာရုံခံတန်ဆောင်း၌ အသံမစဲမဟာပဋ္ဌာန်းပိတ်သိမ်းအောင်ပွဲ အခမ်းအနားအား ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ရွှေဆံတော် မရမ်းကျောင်း ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တ တေဇောသာရထံမှ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဂေါပကအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းသည်။
ထို့နောက် အောင်မြင်ဇေယျုံကျောင်းတိုက်မှ သံယာတော် ဦးစန္ဒါဝရက အနုမောဒနာ တိုက်တွန်းလွှာဂါထာကို ဖတ်ကြားကာ ရွှေဆံတော်မရမ်းကျောင်းတိုက်မှ သံဃာတော် ဦးစန္ဒောဘာသက နတ်ဗြဟ္မာများအား ပြန်ပို့သည့် ဂါထာကိုဖတ်ကြားပြီး အသံမစဲ မဟာပဋ္ဌာန်းပိတ်သိမ်းအောင်ပွဲအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။
ဆက်လက်၍ နံနက် (၁၀) နာရီအချိန်တွင် ဂန္တဝင်ကိုးခန်းသိမ်တော်၌ တောင်ငူမြို့၏ ကျက်သရေဆောင် ရွှေဆံတော်စေတီတော်မြတ်ကြီး၏ (၄၄၆) ကြိမ်မြောက် အသံမစဲ မဟာပဋ္ဌာန်းအောင်ပွဲကို ကျင်းပရာ အခမ်းအနားအား နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ပြီး ကြာနီကန်ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒစရိယဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ မဟာထေရ်မြတ်ထံမှ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ကြည်သိုက်နှင့် အရာရှိကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက ငါးပါးသီလခံယူဆောက်တည်ကြသည်။
ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်မြတ်ကို နာယူကြည်ညိုကြပြီး လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ဆက်လက်၍ ကြာနီကန်ပရိယတ္တိစာသင်တိုက်၊ ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒစရိယဆရာတော်၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တသူရိယ မဟာထေရ်မြတ်ထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)