မကွေး မေ ၁၉
မကွေးတိုင်းဒေသကြီးအတွင်း စိတ်ဓာတ်၊ စည်းကမ်းပြည့်ဝသော မျိုးဆက်သစ် လူငယ်ဘောလုံး အားကစားသမားကောင်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးနှင့် မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မကွေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းမည့် ရေနံမြေသခင်ဖိုးလှကြီးဖလား အလွတ်တန်းဖိတ်ခေါ် (အမျိုးသား) ဘောလုံးပြိုင်ပွဲကို မေလ ၂၅ ရက်နေ့မှ စတင်ပြီး မကွေးတိုင်းဒေသကြီးဘောလုံးကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီထံမှ သိရသည်။
မကွေးမြို့တွင်ကျင်းပမည့် ရေနံမြေသခင်ဖိုးလှကြီးဖလား အလွတ်တန်းဖိတ်ခေါ် (အမျိုးသား) ဘောလုံးပြိုင်ပွဲ (ရှုံး/ထွက်)ပွဲစဉ်များအတွက် အနယ်နယ်အရပ်ရပ်မှ ပြိုင်ပွဲဝင်မည့်အသင်းများအနေဖြင့် ယခုလ ၂၁ ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းရမည်ဖြစ်ပြီး၊ ဘောလုံးပြိုင်ပွဲကို မေလ ၂၅ ရက်နေ့မှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ယင်းပြိုင်ပွဲသည် အလွတ်တန်း ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲဖြစ်သည့်အတွက် အသက်အရွယ် ကန့်သတ်ထားခြင်းမရှိဘဲ မည့်သည့်ကလပ် အသင်းများမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း၊ ပြိုင်ပွဲဝင်အသင်း အရေအတွက်ကို ၁၆ သင်း သတ်မှတ်ထားသော်လည်း စာရင်းလာရောက်ပေးသွင်းသည့် ပြိုင်ပွဲဝင်အသင်းတိုင်း ပါဝင်ယှဉ်ပြိုင်နိုင် ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ကြောင်း မကွေးတိုင်းဒေသကြီးအားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်က ပြောသည်။
အဆိုပါပြိုင်ပွဲတွင် ပထမဆုရရှိသော ချန်ပီယံအသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်း ၁၀၀ နှင့် ဒုတိယ ဆုရရှိသောအသင်းအား ငွေကျပ် ၇၅ သိန်း ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲကျင်းပစဉ် ကာလ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ထောက်ပံ့မှုအဖြစ် မကွေးတိုင်းဒေသကြီးပြင်ပမှ လာရောက် ယှဉ်ပြိုင်ကြမည့် အဝေးသင်းများကို ကန်မည့်နေ့တိုင်း ငွေကျပ် (၇)သိန်းနှုန်း၊ မကွေးတိုင်း ဒေသကြီး အတွင်းမှ လာရောက်ယှဉ်ပြိုင်ကြမည့် အနီးသင်းများကို ကန်မည့်နေ့တိုင်း ငွေကျပ် (၃)သိန်းနှုန်းဖြင့် ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူး ဦးသန်းအောင်က ရှင်းပြသည်။
ယခင်ကတည်းက အစဉ်အလာရှိခဲ့သော ချောက်ရေနံမြေက သခင်ဖိုးလှကြီးဖလား ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲကြီးကို ချောက်မြို့တွင် ၂၀၁၉ ခုနှစ်အထိ (၂၄)ကြိမ်တိုင်တိုင် အောင်မြင်စွာ ကျင်းပ ပြုလုပ်နိုင်ခဲ့ ကြောင်း၊ ယခုနှစ်တွင်မူ တိုင်းဒေသကြီးမြို့တော် မကွေးမြို့၌ ထူးထူးခြားခြား ဆုကျေးမြင့်မားစွာ ပထမဆုံး အကြိမ်အဖြစ် (တစ်ကြိမ်) ကျင်းပသွားမည်ဖြစ်ကာ ရေနံမြေသခင် ဖိုးလှကြီးဖလား ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကြီးကို စုစုပေါင်း (၂၅)ကြိမ်ပြည့်မြောက်သည်အထိ ခမ်းခမ်းနားနားကျင်းပဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပခဲ့သည့် မှတ်တမ်းများအရ သိရသည်။
မောင်မောင်(မင်းဘူး)