လှိုင်းဘွဲ မေ ၁၉
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ မဲဆမိတ်ကျေးရွာ၊ မဲဆမိတ်ဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော်၏ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရအား ဂုဏဝိသိဋ္ဌ ထပ်ဆင့်ပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီက ပြုလုပ်ကျင်းပသည်။
အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီးနောက် ပြည်နယ်သံဃာ့နာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တခေမိသရာလင်္ကါရထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။
ဆက်လက်၍ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်တော်ရ မဲဆမိတ်ဆရာတော် ဘဒ္ဒန္တစန္ဒရအား ဘွဲ့တံဆိပ်အဆောင်အယောင်များ ဆက်ကပ်ခြင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဖွယ်ဝထ္ထုငွေ (၃) သိန်းကျပ် ပိဋကတ်(၃)ပုံစာအုပ်နှင့် လှူဖွယ်ကန်တော့ခြင်းများကို ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် ပြည်နယ်သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဖြိုးဇော်ဇော်တို့က ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မဟာသဒ္ဓမ္မဇောတိကကဓဇဘွဲ့တံဆိပ်တော်ရ ဆရာတော်ဘဒ္ဒန္တစန္ဒရ၏ ထေရုပ္ပတ္တိအကျဥ်းအား ဖတ်ကြားလျှောက်ထားခြင်း၊ ဂုဏ်ပြုဆုတောင်းတေးသီချင်းများနှင့် တေးထပ်တို့ကို တိုင်းရင်းသားတေးသံရှင်များက သီဆိုပူဇော်ခဲ့ကြပြီးနောက် ပြည်နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှ အနုမောဒနာတရားနာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပြည်နယ်သာသနာရေးဦးစီးမှူး၊ ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များကွပ်ကဲရေးအဖွဲ့၊ အမှတ်(၂)တပ်နယ်မှူး ဗိုလ်မှူးကြီးစောကြာအင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာများမှ ဆရာတော်၏ ဒါယကာ၊ ဒါယိကာမများတက်ရောက် ပူဇော်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်သည် ဘားအံမြို့နယ်၊ တောင်ကလေး အခြေခံပညာအထက်တန်းကျောင်း၌ နှစ်ထပ်ကျောင်းဆောင်အသစ် တည်ဆောက်ပြီးစီးမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ခံအင်ဂျင်နီယာများအား သတ်မှတ်ထားသော စံချိန်စံညွှန်းများနှင့်အညီ စေတနာထား၍ဆောက်လုပ်ပေးရန်၊ ကျောင်းဖွင့်ချိန်အမီ သန့်ရှင်းရေးနှင့် စာသင်ခုံများ ခင်းကျင်းထားရှိနိုင်ရေးတို့ကို ဆောင်ရွက်ပေးပါရန် ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းအကျိုးတော်ဆောင် ကော်မတီဝင်တို့ကို လမ်းညွှန်မှာကြားခဲ့သည်။
လင်းသန့်(ပြန်/ဆက်)