ရွှေတောင်မြို့နယ် ပြည်မြို့ခုတင်(၅၀၀) အထွေထွေရောဂါကုဆေးရုံကြီးမှ ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသ

ရွှေတောင် မေ ၁၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏လမ်းညွှန်မှုဖြင့် ရွှေတောင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အ.ထ.က(ကျီးသဲ)ကျောင်းတို့တွင် ယမန်နေ့ နံနက်ပိုင်းက  ပြည်မြို့ ခုတင်(၅၀၀)အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာသီတာစိုးခေါင်းဆောင်သော အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား အခမဲ့ကွင်းဆင်းဆေးကုသများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အခမဲ့ကွင်းဆင်းဆေးကုသရာသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက် /ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းမြအေးနှင့်အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ရွှေတောင်ပြည်သူ့ဆေးရုံတွင် အထူးကုဆရာဝန်ကြီး ဒေါက်တာမီမီစိုးနှင့်အထူးကုဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများက Mobile USG ဖြင့် ကိုယ်ဝန်ဆောင်သည်နှင့် ခန္ဓာကိုယ်တွင်းရောဂါသည် စုစုပေါင်း(၇၀)ဦး၊  အ.ထ.က ( ကျီးသဲ) ကျောင်းတွင် မျက်စိ၊ သွား၊ အရိုးအကြော၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အထွေထွေအထူးကု၊ သားဖွားမီးယပ်နှင့်ခွဲစိတ်ကုသမှု စုစုပေါင်း (၂၆၆) ဦးတို့အား စမ်းသပ်ကုသပေးခဲ့ရာ ရွှေတောင်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း (ပြန် /ဆက်)