ဘားအံ မေ ၁၉
ယခုအချိန်သည် မိုးသီးနှံများထွန်ယက်စိုက်ပျိုးရန် ကြိုတင်ပြင်ဆင်ရမည့်အချိန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် စားရေရိက္ခာဖူလုံရန်နှင့် ထုတ်ကုန်များတိုးမြှင့်ထုတ်လုပ်နိုင်ရန် တောင်သူများအား ပိုက်ဆံလျှော်မျိုးစေ့ ထောက်ပံ့ပေးအပ်ခြင်းနှင့် ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ) ကြဲပက်ခြင်းကွင်းသရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ်၊ ကမော့ကစင်(ရဲသာ) ကျေးရွာအုပ်စု၊ ကွင်းအမှတ်(၁၁၈၇)၊ ကမော့ကစင်အနောက်ကွင်းရှိ တောင်သူဦးရွှေကျော်ပါ(၃)ဦး၏ သစ်စိမ်းမြေဩဇာထည့်သွင်းခြင်းစံပြကွက်(၁၀)ဧက၌ ကျင်းပခဲ့သည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ပြောင်းလဲဖြစ်ပေါ်နေသည့်ရာသီဥတုအခြေအနေအရ ရေရှည်တည်တံ့သည့် စိုက်ပျိုးထုတ်လုပ်မှုကိုထိန်းသိမ်းနိုင်ရန်နှင့် လယ်ယာမြေများ၏ မြေဆီလွှာအရည်အသွေးကောင်းမွန်ပြီး အပင်အာဟာရ ဓာတ်များလုံလောက်ရန်အတွက် မြေဆီလွှာမြှင့်တင်ခြင်းလုပ်ငန်းများကို မဖြစ်မနေလုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ပိုက်ဆံ့လျှော်ပင်သည် အကြီးမြန်ပြီးစိုက်ပျိုးရ လွယ်ကူကာ မြေအမျိုးအစားမရွေး ကောင်းစွာဖြစ်ထွန်းနိုင်သည့်အပင်မျိုးဖြစ်ရာ တောင်သူဦးကြီး များအနေဖြင့် မိမိတို့လယ်ယာမြေတွင် သီးနှံမစိုက်မီ သစ်စိမ်းမြေဩဇာစိုက်ပျိုးထည့်သွင်းခြင်း လုပ်ငန်းများကို လုပ်ကိုင်ကြရန်နှင့် သက်ဆိုင်ရာဌာနများအနေဖြင့်လည်း သီးနှံစိုက်ပျိုးထုတ်လုပ်ရန်အတွက် လိုအပ်ချက်များကို အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျေးရွာ(၁၅)ရွာမှ တောင်သူများအား တစ်ဧက(၅)ပြည်နှုန်းဖြင့် ဧက(၁၅၀)အတွက် ပိုက်ဆံလျှော်မျိုးစေ့ (၃၀)တင်းကို ထောက်ပံ့ပေးအပ်ပြီး တောင်သူများနှင့်အတူ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)မျိုးစေ့များ အတူတကွကြဲ ပက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေး ဌာနခွဲမှ စူပါအီးအမ်ဘိုကာရှီမြေဆွေးပြလုပ်ပုံအဆင့်ဆင့်ကို တောင်သူများအား လက်တွေ့ပြုလုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး တောင်သူများက သိရှိလိုသည်များနှင့်မရှင်းလင်းသည်များအား မေးမြန်းဆွေးနွေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြ ကြောင်း သိရသည်။
အလားတူ မကြာမီကာလအတွင်း ကျောင်းများပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကျောင်းသား၊ကျောင်း သူများ ကျန်းမာပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ကျောင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပရေးအတွက် မေလ ၁၈ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ အခြေခံပညာကျောင်းများတွင် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူ ကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက အမှတ်(၁၂)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၄)အခြေခံပညာမူလတန်းကျောင်းနှင့် ဘားအံပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေးအထက်တန်းကျောင်းတို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ ဆရာ၊ဆရာမများ စုစုပေါင်းအင်အား ၁၇၀၀ ဦးခန့်သည် ယာဉ်၊ယန္တရားများအသုံးပြု၍ ချုံနွယ်ပိတ် ပေါင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ပလက်စတစ်နှင့် စွန့်ပစ်အမှိုက်များ သိမ်းဆည်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ခြင်းအစရှိသော စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများကို လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါကျောင်းများ၌ ကျောင်းဆောင်၊စာသင်ခန်း၊ပရိဘောဂ၊ သင်ထောက်ကူပစ္စည်း၊ ရေ၊ မီး၊ မိလ္လာ ပြည့်စုံလုံလောက်မှု ရှိ/မရှိကြည့်ရှုစစ်ဆေး၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးကာ ကျောင်းနေပျော်၍ပညာတော်သောကျောင်းသား၊ ကျောင်းသူများဖြစ်စေရန် စာသင်ကျောင်းများအား သန့်ရှင်းသပ်ရပ်သောပတ်ဝန်ကျင်ကောင်းများအဖြစ် အစဉ်ဖန်တီးပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)