ဇလွန် နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင်၂ဝ၂ဝ ပြည့်နှစ် ၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကိုဇလွန်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင် ပြည်သူများမှ လာရောက်မဲပေးနိုင်ရန်အတွက် ယနေ့ နံနက် ၆ နာရီက မြို့နယ်အတွင်းရှိ မဲရုံများအား တစ်ချိန်တည်း စတင်ဖွင့်လှစ်ပေးခဲ့သည်။
ထိုသို့မဲရုံများဖွင့်လှစ်ပေးခဲ့ရာတွင် မဲဆန္ဒရှင်ပြည်သူများအားကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များနှင့် အညီ ပြည်သူများမှ ရပ်ကွက် / ကျေးရွာ အုပ်စုများရှိ မဲရုံများသို့ လာရောက်၍ ဆန္ဒမဲများပေးလျက် ရှိသည်။
ဇလွန်မြိုနယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ (၇၁) အုပ်စုတွင် မဲရုံပေါင်း ၁၆၆ ရုံရှိပြီး မဲဆန္ဒရှင်ဦးရေမှာ ၁၃၃၅၇၆ ဦးခန့်ရှိပြီး ပြည်သူများအနေဖြင့် သက်ဆိုင်ရာ မဲရုံများတွင် နံနက် ၆ နာရီမှ ညနေ ၄ နာရီထိ ဆန္ဒမဲများလာရောက်ပေးနိုင်ကြောင်း မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
ဝေယံ - ဇလွန်(ပြန်/ဆက်)