မကွေး မေ ၁၉
မြန်မာ့ဘောလုံးအားကစား ကျယ်ပြန့်စွာ တိုးတက်မြင့်မားရေးကို အထောက်အကူပြုစေရေး၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ဘောလုံးအားကစားသမားများ အချင်းချင်း သွေးစည်း ညီညွတ်မှုစိတ်ဓာတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်များ ပိုမိုထွန်းကားလာစေရေး၊ ထူးချွန်ထက်မြက် သည့် မျိုးဆက်သစ် လူငယ်သွေးသစ် ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ တိုင်းဒေသကြီးလက်ရွေးစင် အားကစားသမားများမှ တစ်ဆင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့် ဘောလုံး အားကစားသမားကောင်းများ ထွက်ပေါ်လာစေရေး ရည်ရွယ်၍ သက်တန်းအလိုက် အားကစားပြိုင်ပွဲများကို ကျင်းပပေးလျက်ရှိပြီး ၂၀၂၄ ခုနှစ် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို မေလ (၁၇)ရက်နေ့ ညနေပိုင်းက မကွေးတိုင်းဒေသကြီး အားကစားကွင်းတွင် ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ဇနီး၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့်တာဝန်ရှိသူများက ဗိုလ်လုပွဲစဉ် အဖြစ် သရက်ခရိုင်အသင်းနှင့် မင်းဘူးခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ သရက်ခရိုင်အသင်းက ၃ ဂိုး ဂိုးမရှိ အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ အကောင်းဆုံးဂိုးသမားဆု၊ နောက်တန်းဆု၊ အလယ်တန်းဆု၊ ရှေ့တန်းဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု ရသူများအား ဆုကလပ်နှင့် ငွေသားဆု၊ ပူးတွဲတိတယဆုရရှိသည့် မကွေးခရိုင်အသင်းနှင့် ချောက်ခရိုင် အသင်းအား တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆု၊ ဒုတိယဆုရရှိသည့် မင်းဘူးခရိုင်အသင်းအား တစ်ဦးချင်းဆွဲပြားနှင့် ငွေသားဆုများကို တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက လည်းကောင်း၊ ပထမဆုရရှိသည့် သရက်ခရိုင်အသင်းအား တစ်ဦး ချင်းဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ ခရိုင်ပေါင်းစုံ အသက်(၂၁) နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က)တွင် သရက်ခရိုင်၊ မင်းဘူးခရိုင်နှင့် ပခုက္ကူခရိုင် အသင်းတို့ကလည်းကောင်း၊ အုပ်စု (ခ)တွင် ချောက်ခရိုင် မကွေးခရိုင်နှင့် အောင်လံခရိုင်တို့ကလည်းကောင်း ပတ်လည်ကစား၍ မေလ (၇)ရက်နေ့မှ (၁၇)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။
မောင်ညီညာ