ဖျာပုံ မေ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အုန်းပင်ကျေးရွာနေပြည်သူများ၊ အလှူရှင်များစုပေါင်း၍ ရွာအဝင်လမ်း အရှည်ပေ (၁၉၅၀) ကတ္တရာလမ်းသစ်အား သိန်းပေါင်း(၇၀၀) အကုန်အကျခံကာ ခင်းထားသော အုန်းပင်ကျေးရွာ ရွာအဝင် ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က အဆိုပါကျေးရွာ ကတ္တရာလမ်းသစ်တွင် ကျင်းပပြုလုပ်သည်။
အဆိုပါ ကိုယ့်အားကိုယ်ကိုး အုန်းပင်ကျေးရွာ အဝင်လမ်း အရှည်ပေ(၁၉၅၀) ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက ရပ်ကွက်၊ ကျေးရွာတစ်ခု၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အခြေခံအကျဆုံး လမ်းပန်းဆက်သွယ်ရေး အဆင်ပြေဖို့လိုကြောင်း၊ ကျေးရွာရဲ့ ရွာအဝင်လမ်း ဖြောင့်ဖြူးချောမွေ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စသော သွားလာရေးအဆင်ပြေချောမွေ့စွာ သွားလာနိုင်မှာဖြစ်ကြောင်း ပြောကြားပြီး ရွာအဝင်ကတ္တရာလမ်းကြီးအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်း၊ ဒေးဒရဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးမွန်မြတ်သူစိုးနှင့် အုန်းပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးညီညီလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက အုန်းပင်ကျေးရွာ ဆိုင်းဘုတ်အသစ်အား အမွှေးနံ့သာရည်များ ပက်ဖြန်းကြပြီး၊ သက်ဆိုင်ရာတာဝန်ရှိသူများက ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှုကြသည်။ အဆိုပါကတ္တရာလမ်းသစ်ကြီးအား အုန်းပင်ကျေးရွာပြည်သူများ၊ အလှူရှင်များမှ စုပေါင်းလှူဒါန်းငွေဖြင့် ကိုယ်ထူကိုယ်ထ ရွာအဝင်လမ်း အလျားပေ(၁၉၅၀)၊ အနံ(၁၂)ပေရှိ ကတ္တရာလမ်းသစ်ကို ငွေကျပ်သိန်းပေါင်း (၇၀၀)ခန့် အကုန်အကျခံကာ ခင်းကျင်းဆောင်ရွက်ထားခြင်းဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)