ပခုက္ကူမြို့၌ အပူရှောင်စခန်း စတင်ဖွင့်လှစ်ကာ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေး

ပခုက္ကူ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သက်ကြီးဘိုးဘွားများ၊ ကိုယ်ဝန်ဆောင်များ၊ ကလေးသူငယ်များနှင့် ပြည်သူများ အပူဒဏ်အန္တရာယ်ခံစားမှု လျော့နည်းသက်သာစေရေးအတွက် မေလ ၁၄ ရက် နံနက်ပိုင်းမှ စတင်၍ အမှတ် (၁၄) ရပ်ကွက် စနစ်သစ်ပုထိုးတိုက်ကျောင်း၌ အပူရှောင်စခန်းဖွင့်လှစ်ကာ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့ပေါ်ရပ်ကွက်များမှ အပူရှောင်လာရောက်နေထိုင်သည့် သက်ကြီးဘိုးဘွားများအပါအဝင် ပြည်သူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၊ ဆရာများက ဆီးချို၊သွေးချိုစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ လိုအပ်သည့်ဆေးဝါးများ ပေးအပ်ခြင်း၊ တိုင်း‌ရင်းဆေးရုံမှ ဆရာ၊ဆရာမများက ကျန်းမာရေးစစ်ဆေးပေးခြင်း၊ တိုင်းရင်းဆေးဝါး‌များ ပေးအပ်ခြင်း  ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးမိုး၊ အဖွဲ့ဝင် (၁) ဗိုလ်မှုးသက်ထွန်းနိုင်၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ အပူရှောင်စခန်းအတွက် သောက်ရေအိုးစင်နှင့် သောက်သုံးရေများ၊ အအေးချိုရည်များ ထောက်ပံ့ပေးခြင်း၊  အပူရှောင်ပြည်သူများအား နေ့လယ်စာကျွေးမွေးခြင်း၊ တရားခွေဖွင့်‌ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါအပူရှောင်စခန်းတွင် သက်ကြီးဘိုးဘွားများအပါအဝင် နေ့စဉ် ၁၂၀ ဦးခန့် လာရောက်အပူရှောင်ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)