ကျိုက်လတ် မေ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ စိုက်ပျိုးရာသီ ကြဲခင်းများ လျော့နည်း ပပျောက်ရေး မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်း သရုပ်ပြပွဲ ကျင်းပခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကျုံကလွတ်ကျေးရွာရှိ ဦးစိုးဟန်၏ လယ်မြေ ဧရိယာ (၈) ဧကတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်နှင့် အဖွဲ့ဝင်များက ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးခြင်းဖြင့် ကြဲခင်းထက်မျိုးစေ့နှုန်း ထားလျော့ချနိုင်ခြင်း၊ ပျိုးနှုတ်ရန် မရှိခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ ရေကြီးနစ်မြုပ်ခြင်းနှင့် ရေငတ်ဒဏ်ပိုမိုခံနိုင်ရည်ရှိခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်း၊ ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာ ကွဲပြားခြားနားမှုမရှိခြင်း၊ ပေါင်းနှိမ်နင်းရန် လွယ်ကူစေ၍ လေဝင်လေထွက်ကောင်းသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း အသေးစိတ်ရှင်းလင်း ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါသရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းအောင်၊ မြို့နယ်စိုက်/တိုး/မြှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများနှင့် တောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
ကျိုက်လတ်(ပြန်/ဆက်)