မြောင်းမြ နိုဝင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ရက် ယနေ့နံနက် ၆ နာရီမှ စ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပလျက်ရှိရာ မြောင်းမြမြို့နယ်ရှိ မဲရုံအသီးသီး၌ မဲဆန္ဒရှင် ပြည်သူများ စိတ်အေးချမ်း ပျော်ရွှင်စွာဖြင့် ဆန္ဒမဲ ပေးလျက်ရှိပြီး ဆန္ဒမဲပေးမှုအခြေအနေများကို မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်ရေး ကော်မတီများနှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိနှိုင်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေနှင့် တာဝန်ရှိသူများက မြို့ပေါ်ရပ်ကွက်များ ဖြစ်သောအမှတ်(၂) စံပြမဲရုံ၊ အမှတ်(၃)အ.လ.က(နေရှင်နယ်)၊ အမှတ်(၄)အ.ထ.က၊ အမှတ်(၅)အ.ထ.က(၆)၊ အမှတ်(၁၀) အ.မ.က(၁၂)၊ မြဟေမာရပ်ကွက်၊ မြစန္ဒာရပ်ကွက်၊ မုဆိုးကွင်းကျေးရွာ၊ သိလ္လာချောင်းဖျားကျေးရွာ၊ ဘုရားငုတိုရှမ်းစုကျေးရွာများရှိ မဲရုံများသို့ လိုက်လံကာ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ လမ်းညွှန်ထားသောကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်မှုများနှင့်အညီ စိတ်အေးချမ်းမြေ့စွာ ဆန္ဒမဲပေးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရ သည်။
မြောင်းမြမြို့နယ်တွင် ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၉၈)အုပ်စုရှိပြီး မဲရုံ(၃၀၀)ရုံ၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ(၂၂၅၉၀၃)ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှသိရသည်။
ကေခိုင်စိုး(မြောင်းမြ)