၂၀၂၃-၂၀၂၄ ပညာသင်နှစ် နှစ်ထပ်ကွမ်းလူရည်ချွန်မောင်ဖြိုးမြတ်ဇော်နှင့် တွေ့ဆုံမေးမြန်းခြင်း

တွေ့ဆုံမေးမြန်း -  သာယာဝတီမိုး (လ/ ထညွှန်မှူး)၊ 

ဓာတ်ပုံ- သန့်ဇော်(ဓာတ်ပုံကျွမ်းကျင်-၂)

သာယာဝတီ မေ ၁၇

လူရည်ချွန်စီမံကိန်းကို ပညာရေးဝန်ကြီးဌာနက ၁၉၆၄ ခုနှစ်စတင်၍ သတ္တမတန်းမှ ဒသမတန်းအထိ ရွေးချယ်ခဲ့သည်။ ယခုနှစ် စနစ်သစ်ပညာရေးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစ၍ Grade-9 မှ Grade- 12 အထိ ပြန်လည်ရွေးချယ်ခဲ့ရာ ပညာရေးထူးချွန်မှု သာမက ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တနှင့် ဘောဂဆိုသည့် ဗလငါးတန်ပြည့်စုံစေရန်နှင့် ကိုယ်ရည်ကိုယ်သွေး မြင့်မာပြီးနိုင်ငံတော်ကိုဦးဆောင်သည့် ခေါင်းဆောင်ကောင်းများ ဖြစ်လာစေရန် ပြုစုပျိုးထောင်မွေးထုတ် ပေးလျက်ရှိသည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ် သာယာဝတီမြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း Grade-10 မှ နှစ်ထပ်ကွမ်းလူရည်ချွန် မောင်ဖြိုးမြတ်ဇော်နှင့် တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်-

 

မေး- သားအခုလို နှစ်ထပ်ကွမ်းလူရည်ချွန်ရခဲ့တဲ့အကြောင်းလေးကို ပြောပြပေးပါဦး။

ဖြေ- ကျွန်တော်အခုလိုနှစ်ထပ်ကွမ်းလူရည်ချွန်တစ်ယောက်ဖြစ်ခဲ့ရလို့ အင်မတန်ဝမ်းသာ ဂုဏ်ယူမိပါတယ်၊ အခုလိုရရှိခဲ့တာဟာဆိုရင် ကျွန်တော့်ရဲ့မိဘ၊ ဆရာသမားတွေရဲ့ ရင်းနှီးပေးဆပ်မှုရဲ့ ရည်ရွယ်ချက်ဆန္ဒပြည့်မြောက်သွားတာဖြစ်သလို ကျွန်တော်ကိုယ်တိုင်ရဲ့ ဆန္ဒလည်းပြီးစီးအထမြောက်သွားခဲ့တာလည်း ဖြစ်ပါတယ်။ စာသင်နှစ်အစကတည်းက ကြိုးစားခဲ့ရတာဖြစ်လို့ တော်ရုံကြိုးစားခဲ့ရတာတော့ မဟုတ်ပါဘူး၊ ဒါပေမယ်လည်းဘယ်အရာမှ လွယ်လွယ်ကူကူမရနိုင်တဲ့ကမ္ဘာကြီးမှာ အခုလိုလူရည်ချွန်တစ်ယောက်ဖြစ်ဖို့ ဒီလောက်ပေးဆပ်ဖို့ က မဆန်းကြယ်လှပါဘူး၊ ပေးဆပ်မှုက အရာထင်သွားတဲ့အခါမှာလည်း အတိုင်းမသိ ဝမ်းသာလှပါတယ်။

မေး- သားကိုလူရည်ချွန်ရရှိတယ်လို့ နိုင်ငံပိုင်သတင်းစာမှာ ကြေညာခံလိုက်ရတော့ ရင်ထဲက ဝမ်းသာပိတိစကားလေးကိုလည်း ပြောပြပေးပါဦး။

ဖြေ- လူရည်ချွန်အောင်စာရင်းတွေ ကြေညာတော့မယ်နေ့ရက်တွေမှာဆိုရင် အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားခဲ့ရပါတယ်။ လူရည်ချွန်ပါတယ်ဆိုတဲ့ သတင်းကိုသိရတဲ့ အခိုက်အတန့်မှာ ကျွန်တော်အနေနဲ့ အတိုင်းမသိဝမ်းသာ ပျော်ရွှင်မိပါတယ်ခင်ဗျာ။

 

 

မေး- ကိုယ်ကာယကြံ့ခိုင်မှုအတွက် ဘယ်လိုလေ့ကျင့်ခဲ့ရသလဲဆိုတာကို မျိုးဆက်သစ်လူငယ်တွေ သိအောင်ရှင်းပြပေးပါဦး။

ဖြေ- လူရည်ချွန်ဆုကို လူရည်ချွန်ပြိုင်ပွဲဝင်ရောက်ယှဥ်ပြိုင်မယ်လို့ ဆုံးဖြတ်ထားကတည်းက ကျွန်တော်နွေရာသီမှာကတည်းက အားကစားတွေ၊ အထွေထွေဗဟုသုတွေ၊ သတင်းစာတွေကို ကြိုတင်ပြီး ဖတ်ရှုထားပါတယ်၊ မနက်ပိုင်းတွေမှာတွေဆိုရင် အားကစားတွေကိုအိမ်မှာလည်း လေ့ကျင့်တယ်၊ ကျောင်းမှာလည်းလေ့ကျင့်ခဲ့ပါတယ်

မေး- လေ့လာရေးခရီးစဥ်သွားရောက်ခဲ့စဥ်က အတွေ့အကြုံလေးလည်းပြောပြပေးပါ။

ဖြေ- ကျွန်တော်လေ့လာရေးခရီးစဥ်သွားရောက်ရတဲ့ မြို့ကတော့ တောင်ကြီးမြို့ကို သွားရောက်ရပြီး လေ့လာရေးခရီးစဥ်သွားရောက်ခဲ့စဥ်မှာလည်း မမေ့နိုင်တဲ့အမှတ်တရများစွားနဲ့ အဖိုးတန်အသိပညာဗဟုသုတတွေကို ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ဒီလိုမျိုးအခိုက်အတန့် ပျော်ရွှင်မှုတွေကို အမှတ်ရလွမ်းဆနေရုံနဲ့ လူရည်ချွန်စီမံကိန်းကြီးရဲ့ မျှော်မှန်းချက်ကိုတော့ ဖြည့်ဆည်းနိုင်အုံးမှာမဟုတ်ဘူးဆိုတာကို ကျွန်တော်သိထားပါတယ်။

ဒီလူရည်ချွန်ပြိုင်ပွဲအနေနဲ့ လေ့လာရေးအပန်းဖြေခရီးစဉ်က အခြေတည်ပေးလိုက်တဲ့ အဆင့်မြင့်အသိပညာတွေနဲ့ နိုင်ငံကြီးသားစိတ်ဓာတ်တွေကို အသုံးချပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုခရီးလမ်းမှာ ပါဝင်အားဖြည့်ဖို့ပဲဖြစ်တယ်။ လက်တွေ့ဘဝမှာလည်းမိမိတို့ရဲ့ လူမူပတ်ဝန်းကျင်မှာ လက်တွေ့ကျကျထူးချွန်ရည်မွန်တဲ့ စိတ်ဓာတ်ကို အခြေတည်ပြီး အပြုသဘောဆောင်တဲ့ မှတ်တမ်းတွေကိုရေးထိုးကြရမှာပဲဖြစ်တယ်။ မိမိတစ်ဦးတည်းတွင်ပဲ ဒီလိုလူရည်ချွန်အရည်သွေးတွေ ပြည့်ဝရုံနဲ့မပြီးဘဲ နောင်တစ်ခေတ်မှာလည်း တန်ဖိုးမြှင့် လူ့စွမ်းအားအရင်းအမြစ်တွေဖြစ်တဲ့ လူရည်ချွန်၊ လူရည်မွန်လောင်းတွေကို သိဒ္ဓိတင် လေ့ကျင့်ပေးပြီး အလင်းတစ်ခေတ်ရဲ့ အရင်းအမြစ်များကို ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုစုပျိုးထောင်ပေးထောင်ပေးဖို့တာဝန်ရှိတယ်။ ထူးချွန်ကောင်းမွန်တဲ့ လူရည်ချွန်စွမ်းအားနဲ့ ထူထောင်မယ့် နောင်တစ်ခေတ်ရွှေမြန်မာနိုင်ငံဟာ အသေအချာဖွံ့ဖြိုးတိုးတက်ပြီး စည်ပင်သာယာဝပြောမည်ဟု ကျွန်ုပ်ကိုယ်တိုင်ယုံကြည်ထားသည်။ ဒါကြောင့်အဓိပ္ပါယ်ရှိတဲ့ လူရည်ချွန်စီမံကိန်းရဲ့ အနှစ်သာရကိုနိုင်ငံတော်ကြီးခံစားနိုင်အောင် ကျွန်တော်ဖြိုးမြတ်ဇော်သည် မိမိတတ်နိုင်သမျှရေကုန်ရေခမ်း သည်းကြေနွမ်းသည်ရှိသော် လူရည်ချွန်စိတ်ဓာတ် ပန်းထာဝရလန်းဆန်းနေစေရ အကောင်းဆုံးကြိုးစားသွားပါမည်ဟု နှလုံးသွင်းခံယူထားပါတယ်။ ဒါကြောင့်မျိုးဆက်သစ်တွေအနေနဲ့ ကျောင်းစာတစ်ခုတည်းထူးချွန်လို့ လူရည်ချွန်ဖြစ် မလာနိုင်ပါဘူး ဘက်စုံထူးချွန်ဖို့ ကာယ၊ဉာဏ၊စာရိတ္တ၊ မိတ္တနှင့်ဘောဂဆိုတဲ့ ဗလငါးတန်ပြည့်စုံဖို့ အရေးကြီး ကြောင်းဒီနေရာကနေတိုက်တွန်းပြောကြားလိုပါတယ် ခင်ဗျာ။

ယခုကဲ့သို့ လူရည်ချွန်များ ထပ်ဆင့်လူရည်ချွန်တွေ ဖြစ်လာရန်တဲ့အတွက် ကြိုးစား အားထုတ်မှုတွေကို မျိုးဆက်သစ်များ နမူနာရယူနိုင်စေရန်နှင့် အတုယူနိုင်စေရန်အတွက် မြန်းရေးသားတင်ပြလိုက်ရပါသည်။

ခရိုင်(ပြန်/ဆက်)