ကျောက်တံခါး မေ ၁၇
ပဲခူးတိုင်းဒေကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မိုးကြိုကာလ၌ဖြစ်ပွားတတ်သည့် လေပြင်းတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်းများဖြစ်ပေါ်နိုင်သဖြင့် မြို့နယ်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့က ဖဒိုမြို့ပေါ်ရပ်ကွက်များအတွင်းရှိ ပြည်သူများအား လေပြင်းဘေးနှင့်မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန် သတိပေးနှိုးဆော်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။
ပြည်သူများအား လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းသက်သာစေရန်၊ ဆောင်ရန်/ရှောင်ရန်အချက်များကိုသိရှိပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရှိနိုင်ရန်အတွက် ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၊ ကမ်းနားလမ်းနှင့် ရေလမ်းသွားခရီးသွားများအား သတိပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ခြင်းကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန မြိတ်ခရိုင်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက မော်တော်ယာဉ်ဖြင့် လှည့်လည်၍ အသံချဲ့စက်ဖြင့် လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရန်/ရှောင်ရန်အချက်များကို သတိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)